တခါတုန်းက တိုင်းပြည်တခုမှာ ဘုရင်ကြီးတပါး ရှိတယ်။ အဲ့ဒီ ဘုရင်ကြီးမှာ သားတော်လေးပါး ရှိတယ်။ အဲ့ဒီ မင်းသားလေးပါးဟာ တခါတရံ တောလည်ထွက်လေ့ ရှိတယ်။
မင်းသားထဲက အကြီးဆုံး သားတော် ပထမ မင်းသားလေးဟာ နွေခေါင်ခေါင်မှာ တောလည်ထွက်ရင်း ပေါက်ပင်တွေကို တွေရှိခဲ့လို့ ပေါက်ပင်ရဲ့ သဘာဝကို မှတ်သား မှတ်တမ်းတင် ခဲ့တယ်။
သူ့လိုပဲ ဒုတိယမင်းသားဟာ မိုးဥတုအချိန် မိုးတွေကောင်းစွာ ရွာနေချိန် တောလည်ထွက်ရင်း ပေါက်ပင်ကို တွေ့လို့ မှတ်သားထားသလို တတိယ သားတော်က ဆောင်းကုန်ခါနီးမှာ ပေါက်ပင်ကို တွေ့လို့ မှတ်သားထားတယ်။
စတုတ္ထ မင်းသားလေးက နွေဦးဝင်စ အချိန်တွေမှာ ရထားများဖြင့် တောလည်ရင်း ပေါက်ပင်ကို တွေ့လို့ မှတ်သားထား လိုက်ကြတယ်။ မင်းသားတွေ သွားတဲ့ တောတွေနဲ့ သွားခဲ့တဲ့ အချိန်တွေကလည်း တပါးနဲ့ တပါး မတူကြပါဘူး။
တနေ့ မင်းသားလေးပါး ဆုံတွေ့ချိန် တပါးနဲ့ တပါး မိမိတို့ တောလည်ထွက်ရာမှာ တွေ့ကြုံခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည် ပြောဆိုနေရင်းက ပေါက်ပင်နဲ့ ပတ်သက်လို့ ပြောဖြစ်ခဲ့ ကြတယ်။
အဲဒီလို ပြောရာမှာ ပထမ မင်းသားက "ပေါက်ပင်ဆိုတာ ရိုးတံကျဲကျဲနဲ့ အခက်အရွက်ရယ်က မရှိ၊ ရုတ်တရက် ကြည့်လိုက်ရင် မီးလောင်ထားတဲ့ သစ်ငုတ်တို အတိုင်းဘဲ" လို့ ပြောဆို ခဲ့တယ်။
ဒုတိယမင်းသား ကတော့ "ပေါက်ပင် ဆိုတာ အခက်အလက်တွေ ဝေဝေဆာဆာနဲ့ စိမ်းလန်းနေပြီး ညောင်ပင်လိုပါ" ဟု သူတွေ့ရှိမှုကို ပြောပြန်တယ်။
တတိယ မင်းသားကလည်း "ဘယ်ဟုတ်မလဲ ပေါက်ပင်ဆိုတာက တပင်လုံး ရဲရဲနီနေတဲ့ အပင်ဗျ" လို့ ပြောလိုက်တယ်။ စတုတ္ထမင်းသား ကတော့
"ပေါက်ပင် ဆိုတာ ခုန ပြောသွားတာတွေနဲ့ မတူဘူး။ အဲ့ဒီအပင်ဟာ အသီးအတောင့်တွေနဲ့ ပုံသဏ္ဌာန်အားဖြင့် ကုက္ကိပင်နဲ့တူပါတယ်" လို့ ပြောလိုက်တယ်။
မင်းသားလေးပါးဟာ ကိုယ့်ရဲ့ မှတ်တမ်းတင် မှတ်သားထားတာ ကိုယ်မြင်တွေ့ခဲ့တာသာ အမှန်ဘဲလို့ ပြောဆိုပြီး ဘယ်သူကမှ အလျော့မပေးဘဲ ငြင်းခုံနေတာပေါ့။
ဒါပေမဲ့ ဘယ်သူမှန်လဲ မဆုံးဖြတ်နိုင်ပဲ ရှိနေခဲ့ ကြတယ်။ အဲ့ဒီလို ငြင်းခုံနေရာက ပေါက်ပင် ပြဿနာကို ဖြေရှင်ပေးဖို့ ခမည်းတော် ဘုရင်ကြီးထံ မေးမြန်းဖို့ အခြေအနေ ဖြစ်လာခဲ့တယ်။
အဲဒီမှာ ဘုရင်ကြီး ဆုံးဖြတ်ချက် အဖြစ် ဒီလို ဆုံးဖြတ်ပေးခဲ့တယ်။ "သားတော်တို့ အခုကိစ္စမှာ သားတော် အားလုံးရဲ့ ပြောဆိုမှုဟာ မှန်သလို သားတော်အားလုံးဟာ မှားခဲ့ကြတယ်" လို့
ဆုံးဖြတ်ပေးလိုက်တယ် ဆိုရင်ပဲ သားတော်တွေက "အားလုံးမှန်ပြီး ဘာလို့ အားလုံး မှားရတာပါလဲ" လို့ ဖခမည်းတော် ဘုရင်ကြီးထံ မေးလျှောက်လိုက် ကြတယ်။
ထိုအခါ ဘုရင်ကြီးက "သားတော်လေးယောက်က ပေါက်ပင်ကို ကိုယ်တွေ့ခဲ့တဲ့ အချိန်တွေမှာ မြင်ခဲ့တဲ့ အခြေအနေတွေ အရ ဆိုရင် မြင်တာတွေက မှန်တယ်။
ဒါပေမဲ့ သားတော်တို့က ပေါက်ပင်ဟာ အချိန်ရာသီအလိုက် ရှိရမည့် အခြေအနေတွေ၊ ရှိနိုင်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အချိန်ပေး စောင့်မကြည့်ခဲ့တာ ကတော့ မှားသွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။
ပြဿနာ ဖြစ်လာရင် ကိုယ့်အမြင် တဖက်သတ် အမြင်နဲ့ သုံးသပ်တိုင်း အမှန် မဖြစ်နိုင်ဘူး။ အချိန်မပေးပဲ လတ်တလောဆုံးဖြတ်ချက် ဟာလဲ အမှန်မရနိုင်ဘူး" လို့ သားတော် လေးယောက်ကို ဆုံးမခဲ့ပါတယ်။ ပြဿနာ မှန်သမျှကို ကိုယ့်အမြင် တဖက်တည်း ကြည့်ပြီး ဆုံးဖြတ်၍ မရပေ။ Thura Myo
0 Comments