တခါတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တယောက် ရှိသတဲ့။ တနေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံ တထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
"မင်းတခါ စိတ်တိုတိုင်း သံတချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာ" တဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကို ပေးလိုက်တဲ့။ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံ တိုင်မှာ သံပေါင်း ၃၇ ချောင်း ရိုက်သွင်း ဖြစ်သွားတယ်။
အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တနေ့ထက် တနေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက် စာရင် ဒေါသ ဖြစ်နေတဲ့ စိတ်ကို ထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်။ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲ နေနိုင်တဲ့ နေ့ကို ရောက်လာရော။ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်။
"အဖေရေ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ" အဲ့ဒီလို ကျတော့ သူအဖေက တမျိုးခိုင်း ပြန်ရော။
"မင်းကိုယ်မင်း ဒေါသ မဖြစ်အောင် တနေကုန် ထိန်းနိုင်ပြီ ဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တနေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး တချောင်းနှုန်းနဲ့ နှုတ်နော်" လို့ မှာလိုက်သတဲ့။
ရက်တွေ ကြာလာတော့ ကောင်လေးက သူ့အဖေကိုပြောနိုင်သွားတယ်။ "အဖေရေ သား ရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီ၊ တချောင်းမှ မကျန်တော့ဘူး" ဒီအခါ အဖေလုပ်တဲ့သူက သားရဲ့ လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ဝင်းထရံဆီကို ခေါ်သွားတယ်။
"တော်တယ် ငါ့သား။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ဝင်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့ အခါ တဖက်သားဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလို အမာရွတ်တွေ ထင်ကျန်ရစ် ခဲ့တတ်တယ် သားရယ်။ အဲဒီလိုပဲ လူတယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်။
ပြီးရင် ဓါးကို ပြန်နှုတ်ပြီး ရှိခိုး တောင်းပန်တယ် ဆိုပါစို့။ သားက ဘယ်နှစ်ခါဘဲ ရှိခိုး တောင်းပန်ပါစေ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်" တဲ့။
တကယ်တော့ မိတ်ဆွေ သူငယ်ချင်းတွေ ဆိုတာ အဖိုးတန်တဲ့ ရတနာတွေ ပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင် ရယ်မောစေတယ်။ အားပေး ကူညီတယ်။ ဒုက္ခ၊ သုခ တွေကို လည်း မျှဝေခံစား ကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက် နားထောင်ပေးတယ်။
ဒါကြောင့် တခုခုဆို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ သူတို့ကို သံနှုတ်ရာ ကျန်ခဲ့တဲ့ ဝင်းထရံတွေ အဖြစ် မရောက်ပါ စေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက် ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေ အပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့်ကြောင်း ပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ထားတဲ့ သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့် ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့ သူဆီ ဒီအတိုင်း ပြန်ပို့နိုင် ပါသေးတယ်။
ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။ Crd
0 Comments