ခွေးဖြစ်ချင်သော မြည်း

တခါတုန်းက မြည်းတကောင်ဟာ ခွေးပေါက်စလေးတကောင် သူ့သခင်နဲ့ ကစားနေတာကို စောင့်ကြည့်နေသတဲ့။ သူ့သခင်က ခွေးကလေးကို ပွတ်သပ်ပြီး ဘီစကွတ်တို့ ကိတ်မုန့်တို့ ကျွေးနေတာကိုလည်း သူတွေ့နေရတယ်။

သခင်ကျွေးတဲ့ မုန့်တွေ စားပြီးပြီ ဆိုရင်တော့ ခွေးကလေးဟာ သူ့သခင်ရဲ့ ရင်ခွင်ပေါ် တက်ပြီး ခွေခွေလေး အိပ်မောကျ သွားတတ်တယ်။ တော်တော် အလိုလိုက် ခံရတဲ့ ခွေးပေါက်စဘဲ။ သူ့ သခင်ကို လုပ်ပေးတာ ဆိုလို့ သခင့်ဘေးမှာ ခုန်ပေါက်လိုက် ဟောင်လိုက် လုပ်တာဘဲ ရှိတယ်။

ဒါမျိုးတော့ ငါလည်း လုပ်နိုင်မှာ သေချာတယ်။ ငါ အိမ်ထဲ ဝင်သွားပြီး သခင်နဲ့ သွားကစားမယ် ဆိုရင် ငါ့ကို သဘောကျ သွားပြီး သူ့ဒူးပေါ်မှာ အိပ်ခွင့် ပေးရင်ပေးမှာ လို့ မြည်းက စဉ်းစားမိတယ်။

ဒီလိုနဲ့ မြည်းဟာ ဖွင့်ထားတဲ့ အိမ်ရှေ့ တံခါးပေါက်ထဲ ပြေးဝင် သွားတယ်။ သူဟာ အိမ်ရဲ့ ခန်းမကျယ်ကြီး ထဲကို အသားကျ ပြေးဝင်သွားပြီး သူ့သခင် ရှိတဲ့ အခန်းထဲကို ဝင်သွားတယ်။ သူ့သခင်က မီးဖိုနားက ပက်လက် ကုလားထိုင်မှာ ထိုင်နေတယ်။

သခင်ဖြစ်သူဟာ အခန်းထဲမှာ ပြေးလွှား ကခုန်နေတဲ့ မြည်းကို တွေ့လိုက်ရတော့ တအံ့တသြနဲ့ "ဟ လုပ်ကြပါဦး၊ မင်း ဘာတွေများ လျှောက်လုပ်နေရ တာလဲ" လို့ ဆိုတယ်။ မြည်းဟာ ခွေးလုပ်ပုံကို မြင်ခဲ့ရတဲ့ အတိုင်း အခန်းထဲမှာ ပတ်ပြေးနေတယ်။

ဟီသံ အကျယ်ကြီး ပေးပြီး ခြေထောက်တွေ ကိုလည်း လေထဲမှာ ကန်ကျောက်နေတယ်။ "အင်း အတော်ဆန်းတာဘဲ" လို့ ဆိုပြီး သခင်ဖြစ်သူဟာ ထမင်းစားခန်း ထဲမှာ ခုန်ပေါက်နေတဲ့ မြည်းရဲ့ ရယ်စရာကောင်းတဲ့ ကကွက်တွေကြောင့် မိုက်မဲလှတဲ့ မြည်းကို ကြည့်ရင်း ရယ်မောလေ တော့တယ်။

သခင် ရယ်မောနေတာကို တွေ့တော့ မြည်းဟာ ဝမ်းသာသွားပြီး ခဏနေရင်တော့ သူ့ကို ဘီစကွတ်တွေ ကျွေးမလား လို့ စဉ်းစားမိတယ်။ ငါ သူ့ဆီ သွားပြီး သူ့ဒူးပေါ် ခုန်တက်ပြီး ထိုင်နေလိုက်မယ်။ ဒါဆိုရင် သူက ငါ့ကို ကိတ်မုန့် ကျွေးရင် ကျွေးမှာလို့ မြည်းက စဉ်းစားတယ်။

ဒါကြောင့် မြည်းဟာ သခင်ထံ ပြေးသွားပြီး ရှေ့ခြေထောက် နှစ်ချောင်းကို သခင်ရဲ့ ဒူးပေါ်တင်ပြီး ရင်ခွင်ထဲကို ခုန်တက်ဖို့ ပြင်တယ်။ ဒါပေမယ့် သူသခင်ဟာ အထိတ်အလန့် ဖြစ်သွားပြီး "ဒီမြည်း ကပျက်ကချော် လုပ်တာ တောင်သင့်ပြီ" လို့ စဉ်းစားမိသွားတယ်။

သခင်ဖြစ်သူဟာ မြည်းကို တွန်းထုတ်ဖို့ ကြိုးစားရင်း "ကယ်ကြပါဦး၊ ကယ်ကြပါဦး။ ဟောဒီမှာ မြည်း ရူးနေပြီ" လို့ အော်လေတော့တယ်။ အစေအပါးတွေ အိမ်ထဲ ပြေးဝင်လာ ကြတယ်။ သူတို့ရဲ့ သခင်ပေါ် ရောက်နေတဲ့ မြည်းကို မြင်ရော မောင်းထုတ်ဖို့ ဝင်လာကြတယ်။

သူတို့အားလုံး မြည်း ထွက်သွားအောင် ရိုက်နှိက် မောင်းထုတ် ကြတယ်။ မြည်းရဲ့ တကိုယ်လုံးမှာ ရှိတဲ့ အရိုးတွေတောင် ကိုက်ခဲလာရတဲ့ အထိဘဲ။ မြည်းဟာ သူနေတဲ့ မြင်းဇောင်းထဲ အမြန် ပြေးဝင်သွားတယ်။ အခုလို မိုက်မဲတဲ့ စိတ်ကူးမျိုး မစဉ်းစားခဲ့ရင်ကောင်းမှာဘဲ လို့ သူတွေးနေမိတယ်။

ဘယ်အရာမဆို ကိုယ့်နေရာနဲ့ ကိုယ်၊ သူ့နေရာနဲ့ သူရှိနေတာ အကောင်းဆုံးပါ။ မဟုတ်ရင် အကုန် ကပြောင်းကပြန်တွေ ဖြစ်ပြီး ဒုက္ခတွေ ရောက်ကုန်ရော။ Crd

Post a Comment

0 Comments