တခါက တိုင်းပြည် တပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တယောက် ရှိသတဲ့။ သူ့မှာ ပိုင်ဆိုင်မှု ဆိုတာကလည်း လဲပြိုခါနီး တဲလေး တလုံးရယ်၊ ညစ်ပတ်ပြီး အရောင် မထွက်တော့တဲ့ အဝတ်စားလေး တစုံရယ်၊ ကြက်မလေး တကောင်ရယ်ပဲ ရှိတယ်။
သူရဲ့ ကြက်မလေးက သူ့အတွက် နေ့တိုင်း ကြက်ဥတလုံး တလုံး ဥပေးတယ်။ အဲဒီ ကြက်ဥလေးနဲ့ အဖွားအိုက နေ့တိုင်း သူ့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပြီး အသက်ရှင် နေခဲ့ရတယ်။
အဖွားအို နေထိုင်တဲ့ တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တပါး အုပ်ချုပ်နေတယ်။ တနေ့မှာ ဘုရင်က တိုင်းပြည် ထဲမှာ ထူးဆန်းတဲ့ အမိန့်တခုကို မောင်းထုပြီး ကြေညာ ခဲ့တယ်။
အဲဒါ အမိန့်က ဘာလဲ ဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူ ပြည်သားတွေ အားလုံး ဘုရင်ကြီး စားတော်ပွဲ တည်ဘို့ အတွက် အသားဟင်း တခွက် လာပို့ရမယ်လို့ ကြေညာ မောင်းခတ် ခဲ့တယ်။
ဒီသတင်းကို ကြားတဲ့ တိုင်းသူပြည်သားတွေက အသားဟင်း တခွက် ပို့ဖို့ ပြင်ဆင်ကြတယ်။ အဲဒီအထဲမှာ ကြက်မလေး တကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလည်း အပါအဝင်ပေါ့။
အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာ မရှိဘူး ဖြစ်နေတယ်။ သူ့မှာ အသားဟင်း တခွက် ပို့ဖို့ ငွေကြေးကလည်း လုံးဝ မရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။
အသားဟင်း မပို့နိုင်လို့ မင်းပြစ် မင်းဒဏ် ခံရမယ်ဆို ပိုပြီး ကြီးလေးတာကြောင့် အဖွားအိုက သူ့ကို နေ့တိုင်း ကြက်ဥ တလုံး တလုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်း တခွက် ပို့ဖို့ သူဆုံးဖြတ်လိုက်တယ်။
ဘုရင်ကတော့ စားတော်ပွဲမှာ တအိမ် တယောက်နှုန်း အသားဟင်း ခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေ ခဲ့ပါတယ်။
အသားဟင်း ခွက်တွေက သိပ်များပြား လွန်းတာကြောင့် ဘုရင်ကြီးဟာ ဟင်းခွက်တိုင်းကို မစားဖြစ် ခဲ့ပါဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေ ထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်း လေးလည်း အပါအဝင်ပေါ့။
အဲဒါကြောင့် ကိုယ်အတွက် အပ်ဖျားတထောက်စာ ဆိုပေမယ့် ဆပ်ပြာပူဖောင်းလေးတွေ အတွက်တော့ ဘဝကို ပျက်စေပါတယ်။ Crd
0 Comments