ခွေးလိမ်မာလေး

တရက်မှာ အသားငါးတွေ ကုန်ခြောက်တွေ ရောင်းချတဲ့ ဆိုင်တဆိုင်ထဲကို ခွေးတကောင်ဟာ တန်းတန်းမတ်မတ် ဝင်လာခဲ့ပါတယ်။ ဆိုင်ရှင်ဖြစ်သူဟာ အဲဒီခွေးကို အကြိမ်ကြိမ် မောင်းထုတ်ပေမဲ့လို့ မောင်းထုတ်ချိန်မှာတော့ ဆိုင်ထဲကနေ ထွက်သွားလိုက် ခဏကြာတော့ ပြန်ဝင်လာလိုက်နဲ့ အကြိမ်ကြိမ် လုပ်နေတာ တွေ့တော့ ဆိုင်ရှင်က သူ့စိတ်ထဲမှာ ထူးခြားတယ်လို့ ထင်လာမိပါတယ်။

အဲဒါနဲ့ ခွေးရဲ့ အနားကို တိုးကပ်သွားတဲ့ အခါမှာ ခွေးရဲ့ ပါးစပ်ထဲမှာ ကိုက်ချီထားတဲ့ စာရွက်ပိုင်းလေး တခုကို တွေ့လိုက်ပါတယ်။ စာရွက်လေးကို ယူပြီး ဖွင့်ကြည့်လိုက်တော့

"ဝက်အူချောင်း ၁၂ ချောင်းနဲ့ သိုးခြေထောက် တချောင်း ရောင်းပေးလိုက် ပါရန်နှင့် ခွေးပါးစပ်ထဲတွင် ပိုက်ဆံ ထည့်ပေးလိုက်ပါတယ်" လို့ ရေးထားတာကို တွေ့ရပါတယ်။ ဆိုင်ရှင်ဟာ ခွေးပါးစပ်ထဲကို ကြည့်လိုက်တော့ တကယ်ကို ဒေါ်လာ ၁၀ တန် တရွက်ကို တွေ့လိုက်ရပါတယ်။

အဲဒါနဲ့ ပိုက်ဆံကို ယူလိုက်ပြီး ဝက်အူချောင်း ၁၂ ချောင်း၊ သိုးခြေထောက် တချောင်း၊ ပြန်အမ်းငွေရယ်ကို သေချာ ထုပ်ပိုးပြီး ခွေးရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တော့ ခွေးဟာ အဲဒီအထုပ်ကို သေချာ ကိုက်ချီပြီး ဆိုင်ထဲကနေ ပြန်ထွက်သွားပါတယ်။

ဆိုင်ရှင်ဟာ အဲဒီခွေးအပေါ်မှာ တော်တော်လေးကို စိတ်ဝင်စားမိ ပါတယ်။ ဆိုင်ပိတ်ချိန်လည်း ရောက်နေပြီမို့ ထိုခွေးနောက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ကို ကမန်းကတန်း ပိတ်လိုက်ကာ ထွက်ခွာသွားတဲ့ ခွေးရဲ့ အနောက်ကို အမြန် လိုက်ပါတော့တယ်။

ခွေးထွက်သွားတဲ့ လမ်းမအတိုင်း လိုက်ခဲ့ရာမှာ မီးပွိုင့်တနေရာ ရောက်တော့ လမ်းတဖက်ကို ဖြတ်ကူးဖို့ ပြင်နေတဲ့ ခွေးကို သူ တွေ့လိုက်ရပါတယ်။ ခွေးဟာ သူ့ပါးစပ်မှာ ကိုက်ချီထားတဲ့ အထုပ်ကို ချလိုက်ပြီး လူကူးမျဉ်းကို ဖြတ်ကူးသူတွေ အတွက် ထားထားတဲ့ မီးပွိုင့်က ခလုပ်ကို ခုန်ပြီး သူ့လက်နဲ့ ဖိနှိပ်လိုက်ပါတယ်။

ပြီးတော့ အထုပ်ကို ပြန်ကောက်ချီ လိုက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်။ လူကူးမီးလုံးလေး စိမ်းသွားတဲ့ အခါမှ ခွေးဟာ လမ်းတဘက်ကို ဖြတ်ကူးသွားပါတယ်။ ဆိုင်ရှင်ကလည်း ခွေးနောက်ကို ဆက်ပြီး လိုက်ခဲ့ပါတယ်။

ဘတ်စ်ကားဂိတ် တခုကို အရောက်မှာ ခွေးဟာ ကားဂိတ်က အချိန်ဇယားကို တချက် လှမ်းကြည့်ပါတယ်။ ဆိုင်ရှင်ဟာ အခြေအနေတွေကို အံ့သြစွာ စောင့်ကြည့်နေ ခဲ့ပါတယ်။ အချိန်ဇယားကို မော့ကြည့်ပြီးတဲ့နောက် ခွေးဟာ ခရီးသည်တွေ ကားစောင့်ဖို့ လုပ်ထားပေးတဲ့ ထိုင်ခုံတခုမှာ ဝင်ထိုင်လိုက်ပါတယ်။

ဘတ်စ်ကားတစီး ရောက်လာတဲ့အခါ ကားရှေ့ကို သွားပြီး ကားနံပါတ်ကို သွားကြည့်ဟန် တူတဲ့ ခွေးရဲ့ အပြုအမူကို တွေ့လိုက်ရပါတယ်။ ပြီးတော့ သူစီးမဲ့ကား ဟုတ်ပုံမရတဲ့အတွက် ထိုင်ခုံမှာ ပြန်လာထိုင်ပါတယ်။

နောက်ထပ် ကားတစီး ထပ်ရောက်လာပြန်တော့ ခုနက အတိုင်း ကားရှေ့က နံပါတ်ကို သွားကြည့်ပါတယ်။ ဒီတခါတော့ သူစီးမဲ့ကား ဖြစ်ပုံရပါတယ်။ အဲဒီခွေးဟာ ဖွင့်လာတဲ့ ကားတံခါးကနေ ကားပေါ်ကို တက်ရောက်သွား ပါတော့တယ်။

လိုက်ကြည့်နေတဲ့ ဆိုင်ရှင်ဟာ ပါးစပ်ဟပြီး အံ့သြတကြီး ကြောင်ငေးကြည့် နေရာကနေ ကမန်းကတန်း ကားပေါ်ကို ပြေးတက်လိုက် ရပါတယ်။ ဒီခွေးသွားတဲ့ ခရီးလမ်းဆုံးထိ သူလိုက်ကြည့်ဖို့ ဆုံးဖြတ်ထားမိပါပြီ။

ဘတ်စ်ကားဟာ မြို့ထဲလမ်းကနေ တဖြေးဖြေး မြို့ပြင်ဘက်က လူနေရပ်ကွက်တွေကို ရောက်လာပါပြီ။ ခွေးဟာလည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် ကြည့်ပြီး ကားပေါ်ပါလာရင်း တနေရာ အရောက်မှာ ထိုင်ရာက ထလိုက်ပြီး ကားရှေ့ပိုင်းကို ထွက်လာပါတယ်။

ပြီးတော့ နောက်ခြေ ၂ ချောင်းပေါ် မတ်တပ်ရပ်လိုက်ပြီး ဘတ်စ်ကား ရပ်တဲ့ ခလုပ်ကို ရှေ့ခြေထောက်နဲ့ ဖိလိုက်ပါတယ်။ ကားရပ်ပြီး တံခါးဖွင့်သွားတဲ့ အခါမှာတော့ ကားပေါ်ကနေ ဆင်းသွားပါတယ်။ သူ့ရဲ့ ပါးစပ်ထဲမှာတော့ ဆိုင်ကနေ ဝယ်လာတဲ့ အထုပ်ကလေးက ကိုက်ချီရက်သားလေးနဲ့ ပါဘဲ။ ဆိုင်ရှင်ဟာလည်း ခွေးရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွား ပြန်ပါတယ်။

ခွေးဟာ လမ်းသွယ်လေးတခုအတိုင်း ဝင်သွားပြီးတဲ့နောက် ခြံတခြံထဲကို ဝင်ရောက်သွားပါတယ်။ ခြံထဲက လမ်းကလေး အတိုင်း လျှောက်သွားပြီးတဲ့နောက်မှာ တထပ်တိုက်တလုံး ရှေ့မှာ ရပ်လိုက်ပြီး သူ့ပါးစပ်မှာ ကိုက်ချီလာတဲ့ အထုပ်ကို လှေကားထစ် ပေါ်မှာ ချလိုက်ပါတယ်။

ပြီးတော့ အိမ်နဲ့ ခပ်လှမ်းလှမ်းအထိ နောက်ပြန်ဆုတ်သွားပြီး အရှိန်ပြင်းပြင်းနဲ့ ပြန်ပြေးလာကာ အိမ်တံခါးကို သူ့ကိုယ်လုံးနဲ့ ဝင်တိုက်ပါတော့တယ်။ တခါ နောက်ပြန်ဆုတ်ပြီး အိမ်တံခါးကို ပြန်ပြေးတိုက် ပြန်ပါတယ်။

ဒီလိုနဲ့ ခပ်ဝေးဝေးကို လျှောက်သွားလိုက် ပြေးလာပြီး အိမ်တံခါးကို ကိုယ်လုံးနဲ့ တိုက်ဖွင့်လိုက် အကြိမ်ကြိမ် အခါအခါ လုပ်နေတာကို ခွေးနောက်လိုက်လာတဲ့ ဆိုင်ရွင်ဟာ လမ်းပေါ်ကနေ စိတ်ဝင်တစား ငေးမောကြည့်ရှု နေပါတယ်။

အဲဒီခွေးဟာ သူ့ကိုယ်လုံးနဲ့ တံခါးကို အကြိမ်ပေါင်းများစွာ တွန်းတိုက်နေပေမဲ့ အထဲက ဘာတုံ့ပြန်သံမှ မကြားရပါဘူး။ ဒီနောက်တော့ အိမ်နဲ့ ကပ်နေတဲ့ အုတ်တံတိုင်း ကြားထဲကို ဝင်ပြီး ပြတင်းတံခါးကို သူ့ခေါင်းနဲ့ သွားသွား ဆောင့်ပါတယ်။ အကြိမ်ပေါင်းများစွာ ပြူတင်းတံခါးနဲ့ သူ့ခေါင်းနဲ့ သွားသွား ဆောင့်ပြီးတော့ တခါ အိမ်ရှေ့ တံခါးမကြီး ရှေ့မှာ လာထိုင်စောင့် ပြန်တယ်။

ခဏအကြာ မှာတော့ လူခပ်ကြီးကြီး တယောက်ဟာ တံခါးကို လာဖွင့်ပြီးတော့ ခွေးကို အော်ဟစ် ဆဲဆိုပြီး လက်သီးတွေနဲ့ ထိုး ခြေထောက်တွေနဲ့ ရိုက်နှက် ကန်ကျောက်ပါတယ်။ ဒီအခါမှာ လမ်းမပေါ်ကနေ ကြည့်နေတဲ့ ဆိုင်ပိုင်ရှင်ဟာ ဆက်ပြီး ဒီတိုင်း ကြည့်မနေနိုင် တော့တာကြောင့် အပြေးအလွှား သွားရောက်လို့

"ဟေ့ ဟေ့ ခင်ဗျား ဘယ်လိုလူလဲ။ ဒီလောက်တောင် အသိဉာဏ်ရှိတဲ့ ခွေးကို ဘာလို့များ ရက်ရက်စက်စက် ရိုက်နှက်နေရတာလဲ။ ကျွန်တော်ဖြင့် တသက်မှာ ဒီလောက် ဉာဏ်ကောင်းပြီး လိမ္မာတဲ့ခွေးမျိုး တီဗီထဲမှာက လွဲလို့ အပြင်မှာ ဒီတခါဘဲ တွေ့ဖူးတယ်။

ခင်ဗျား ဒီလောက်ထိတော့ မရိုက်နှက် သင့်ပါဘူး။ တကယ်တမ်းဆိုရင် ဒီလောက်တောင် တတ်သိ လိမ္မာနေတဲ့ ခွေးကို ခင်ဗျားအနေနဲ့ ချီးတောင် ချီးကျူးရမှာ၊ ဒီခွေးကို ပိုင်ဆိုင်ထားတဲ့အတွက် ခင်ဗျား ဂုဏ်ယူရမှာ" ဆိုပြီး ဝင်ရောက် တားမြစ်ပါတယ်။

ဒီတော့ အဲဒီလူက ဆိုင်ရှင်ကို "ဘာဗျ ဒီလောက်လေးကို အသိဉာဏ် ရှိတယ်လို့ ခေါ်တယ် ဟုတ်လား။ ဒီငထုံ ငအက ဒီတပတ်ထဲမှာ သူယူသွားရမဲ့ အိမ်သော့ကို မေ့သွားတာ ၂ ခါ ရှိပြီ။ ဒီလောက် ဉာဏ်နည်းတဲ့ကောင်ကို ဒီလို အပြစ်ပေးမှ တော်ရုံကျမှာ" လို့ ပြန်ပြောပါတယ်။

ဆိုင်ရှင်ဟာ အဲဒီလူရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး "ခင်ဗျားဟာ ကိုယ့်မှာ တန်ဖိုးရှိတဲ့ အရာကို ပိုင်ဆိုင်ထားတာ တောင်မှ တန်ဖိုးကို မသိတတ်တဲ့ လူမျိုးဘဲ။ ခင်ဗျားဟာ ကိုယ့်အတွက် ဘယ်လောက် ကောင်းအောင် လုပ်ပေးပေး အမြဲတမ်း အပြစ် မြင်နေမဲ့ လူစားမျိုး၊ ကိုယ့်အခြေအနေကို ကျေနပ်နိုင်ခြင်း မရှိတဲ့ လူမျိုးပါဘဲ" လို့ ပြောလိုက်ပြီး တတ်သိလိမ္မာတဲ့ ခွေးကို တချက် ငဲ့ကြည့်လိုက်ပြီး စိတ်မကောင်းစွာနဲ့ အဲဒီအိမ် ရှေ့ကနေ လှည့်ထွက်ခဲ့ ပါတော့တယ်။ Crd

Post a Comment

0 Comments