လူ့စိတ်က ပြောင်းရင် စာရိတ္တပါ ပြောင်းသွားတယ်။ စာရိတ္တ ပြောင်းရင် အမြင် ပြောင်းသွားတယ်။ အမြင် ပြောင်းရင် ပတ်ဝန်းကျင် ပြောင်းသွားတယ်။ ပတ်ဝန်းကျင် ပြောင်းရင် ကံကောင်းမှုတွေ စပြီး ပြောင်းလာတယ်။
ကံကောင်းမှု ပြောင်းရင် မိမိရဲ့ ကံဇာတာ ပြောင်းသွားတယ်။ တကယ် ယုံကြည် အားထား ရမှာက မိမိရဲ့ စိတ်ပါ။ ရက်ရာဇာတွေ ပြဿဒါးတွေ မဟုတ်ပါဘူး။ ကိုယ်မှာ ဆင်တဲ့ အဆောင်အယောင်တွေ၊ ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေ မဟုတ်ပါဘူး။
စိတ်အတွင်းမှာသာ စိတ်ကောင်းခြင်း၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊ သဘောထား ကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့ စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊ မေတ္တာကို စိတ်ထဲက ပေါက်ဖွားမယ်၊ ပတ်ဝန်းကျင်ကို စိတ်နဲ့ သဟဇာတ ဖြစ်အောင် လုပ်မယ်။
ရှေးလူကြီးတွေက ပြောတယ်။ "စိတ်တချက် ကိုင်တတ်ပြီ ဆိုရင် ကောင်းကင်နဲ့ မြေကြီးက အစ နားလည်တတ် လာတယ်" တဲ့။ စိတ်ထဲက ကုသိုလ်၊ အကုသိုလ်ကို ထိန်းနိုင်ရင် တကိုယ်ကောင်း ဆန်မှုတွေ လျော့ပါးသွားတယ်။
လူအချို့ကို ကြာပန်းလို ဝေးဝေးက ကြည့်မှ သူ့အလှ မြင်တယ်။ လူအချို့ကို လက်ဖက်ခြောက်လို ကြာကြာ နှပ်ထားမှ သူ့အရသာ အစစ် သိတယ်။
လူအချို့ကို လေပြည်လို ဂရုမစိုက်သင့်၊ မစိုက်ဘဲ နေရတယ်။ လူအချို့ကို သစ်ပင်လို မှီခိုသင့် မှီရတယ်။ အားလုံးက ရေစက်ပဲလေ။ လူ့ဘဝဆိုတာ တရားကျင့်တာ၊ မိမိရဲ့ စိတ်နှလုံးသား တခုကို ကျင့်ယူရမှာ။
စိတ်က ပျော့ပျောင်း သွားပြီ ဆိုတာနဲ့ အရာရာဟာ စပြီး လှပသွားပြီ။ စိတ်သန့်စင်သွားပြီ။ ပတ်ဝန်းကျင် ကြည်လင်သွားပြီ။ စိတ်ပျော်ရွှင်သွားပြီ။ ဘဝကြီး ချမ်းသာသုခ ပြည့်သွားပြီ။
ဒီတသက်မှာ ဘဝက ဘယ်အခြေအနေပဲ ဖြစ်ဖြစ် သူတပါးပေါ် မလွှဲချသင့် ပါဘူး။ ရှိသမျှ ပျော်၊ ဒေါ၊ ညစ်၊ ပြုံး၊ မုန်း၊ အားလုံးက ကိုယ့်ကို ဖန်တီးတာပါ။
ဘဝဆိုတာ တိုက်ပွဲ မဟုတ်ပါဘူး၊ ပဲ့တင်သံပါ။ သင့်ရဲ့ အကောင်းဆုံးကို သူများကို ပေးကြည့်လိုက်ပါ၊ သူများရဲ့ အကောင်းဆုံး က သင့်ဆီကို ပြန်လာပါလိမ့်မယ်။
သူများကို ကူညီတာ များလေလေ၊ သူများဆီက အကူအညီ ပိုရလေလေပါ။ သင်က အုတ်တံတိုင်း မြင့်မြင့် ကာလေလေ၊ နောက်ဆုံး အုတ်တံတိုင်း ပတ်ပတ်လည်မှာ သင်တယောက်တည်း ကျန်ခဲ့ရလေလေပါ။
နှိမ့်ချကျိုးနွံမှု များများနဲ့ ချီးမွမ်း ထောပနာ များများကို အသုံးချတတ်မယ် ဆိုရင် လူ့ဘဝမှာ နေရတာ ပျော်ရွှင် နိုင်ပါလိမ့်မယ်။ Crd
0 Comments