တခါက လူတယောက်ဟာ မြို့ပြတွေဆီကို ခရီးထွက်လာသတဲ့။ ဝေးကွာ ကြမ်းတမ်းလွန်းတဲ့ ခရီးရှည် ဖြစ်တာကြောင့် သူဟာ မောပန်း နွမ်နယ် နေတယ်ပေါ့။ တနေ့တော့ တောလမ်းတနေရာ အရောက် အေးအေးလူလူနဲ့ စိမ်းစိုလှတဲ့ မြက်တွေကို စားသောက်နေတဲ့ မြည်းတကောင်ကို သူတွေ့ပါသတဲ့။ သူဟာ အကြံတခု ရုတ်တရက် ရလိုက်တယ်။
ဒီမြည်းကသာ ငါ့ကို ကျောပိုး သယ်ယူသွားလျှင်တော့ အမော သက်သာမယ်။ ဒီအကြံနဲ့ပဲ သူဟာ မြည်းကို စကား စပြောလိုက်တာပေါ့။ "အို လှပါပေ့ ခန့်ညားပါပေ့ ဘယ်လို သတ္တဝါမျိုး ပါလိမ့်" လို့ အသံ ထွက်ပြီး ဆိုသတဲ့။
မြည်းဟာ တချက် လှမ်းကြည့်တယ်။ ပြီးတော့ မြက်တွေကိုပဲ ဆက်လက်စားနေသတဲ့။ "အင်း ငါလည်း ဆရာရှာ ထွက်လာတာ မောလှပြီ။ ဒီလောက် ခန့်ညားတဲ့ ဥပဓိရုပ် ရှိတဲ့သူ မတွေ့ဘူး သေးပါဘူး"
မြည်းဟာ တချက်တော့ တွေသွားတယ် ဆရာတဲ့။ ဆရာဆိုတာ ဘာကြီးပါလိမ့် သူအပင်ပန်းခံ ရှာနေပုံ ထောက်လျှင် ဆရာဆိုတာ ဟောဒီ ငါစားနေတဲ့ မြက်နုနုလေး တွေထက် ပိုကောင်းမယ် ထင်တယ် လို့ တွေးသတဲ့။
စားလက်စ မြက်တွေကို ခဏနားရင်း မေးတော့တာပေါ့။ "နေပါဦး ဆရာဆိုတာ ဘာကို ခေါ်တာတုန်း"
ထွင်ထားတဲ့ ခြုံနဲ့ ဝင်လာတဲ့ယုန် အဲ မြည်းနဲ့တော့ ကွက်တိပါ။ "ဒီလိုဗျ ဆရာဆိုတာ အားလုံးထက် မြင့်မြတ်တဲ့ နေရာမှာ ရှိတာ ပြီးတော့ ဦးဦးဖြားဖြား အားလုံး သူပဲ စားသောက်ရတာပဲ။ ပြီးတော့ ခိုင်းချင်ရာ ခိုင်းလိုရတဲ့ တပည့်လည်း မွေးလို့ ရသေးတာ" လို့ ဆိုလိုက်သတဲ့။ မြည်းက "ဒီလိုဆို ဆရာလုပ်ရတာ ကောင်းတာပေါ့။ ခင်ဗျားက ဆရာ ရှာနေတာဆို"
"အဲဒါ ပြောချင်တာပေါ့။ ခင်ဗျားကို မြင်တော့ အလိုလို ဆရာတော် ချင်လာတာ။ ဒီလိုလုပ်ဗျာ ကိုမြည်းက ဆရာလုပ်၊ ကျုပ်က တပည့် လုပ်မယ် ဘယ့်နှယ့်လဲ။ ခင်ဗျားလောက် ခန့်ငြား ထည်ဝါတဲ့ ဥပဓိရုပ်မျိုး မတွေ့ဘူးသေးဘူး"
မြည်းဟာ အချိန်မဆိုင်းပဲ ဆရာအဖြစ် လက်ခံလိုက်တော့ တာပေါ့။ ဆရာလုပ်ရတာ ဇိမ်ပဲ မဟုတ်လား။ မြည်းဟာ ဆရာ ဖြစ်သွားတယ်။
အကြံနဲ့လူက ခဏကြာတော့ မြည်းကို တွေးတွေးဆဆ ပြောဟန်နဲ့ စကားစ လာတော့တာပေါ့။ "ဆရာရေ အခု ကျနော်တို့ မြို့ကိုသွားရမယ်ဗျ။ အဲဒီမှာ ဆရာ့အဆင့်နဲ့ ညီမယ့် အစားအသောက်တွေ နေစရာတွေ ပေါ့မှပေါဗျာ။ ဆရာ့အတွက် ပြောတာပါ"
မြည်းကလည်း ပူပူနွေးနွေး ဆရာဖြစ်ခါစ ဆိုတော့ "ဟား ဒီလိုဆို သွားကြမယ်။ တော်လိုက်တဲ့ ငါ့တပည့်" ဆိုကာ ခရီဆက်ကြသတဲ့။
သွားရင်း သွားရင်းနဲ့ ခရီးနဲနဲ ပေါက်လာတော့ လူဟာ သူအကြံအတိုင်း အကောင်အထည် ဖော်တော့တာပေါ့။
" ဆရာရေ တပည့်ကြီးတော့ မလျှောက်နိုင်တော့ဘူး။ ဒီနေရာမှာပဲ ထားခဲ့လိုက် ပါတော့။ ဆရာ့အတွက် တပည့်ကောင်း မလုပ်နိုင်တော့တာ ခွင့်လွှတ်ပါ ဆရာ။ ဆရာအတွက် တပည့် မရှားပါဘူး။ လိုက်ချင်ပါလျှက် ဝမ်းနည်းစွာနဲ့ နေခဲ့ရပါတော့မယ်။ ဟောဒီ အသုံးမကျတဲ့ ကျုပ်ခြေထောက်ကို ရိုက်ချိုးဖို့ပဲ ကောင်းတော့တယ်"
ပြောပြောဆိုဆို သူခြေထောက်သူ မာန်ပါပါ ထုရိုက်နေတော့ သတဲ့။ "အိုး ဒီလိုတော့ မလုပ်ပါနဲ့ တပည့်ရယ် မြိုပြ ဆိုတာ ဘယ်နားမှာလဲ ဆိုတာတောင် ကျုပ်မသိဘူး။ ပြီးတော့ တပည့်ဖြစ်တဲ့ မင်းကိုလည်း မထားရက် နိုင်ဘူး ကဲကဲ ကျုပ် ကျောပေါ်သာတက်လိုက်ခဲ့တော့"
မြည်းဟာ အခုပဲ ပူပူနွေးနွေး ဆရာဖြစ်ခါစ အခုပဲ ဆရာ ရာထူးကနေ ပြုတ်တော့မယ် ဆိုတော့ မြည်းအကြပ်ရိုက် သွားဟန် ရှိတယ်။
"အမလေး ဆရာရယ် ဆရာ့ကျောပေါ်တော့ မလိုက်ပါရစေနဲ့။ ခိုင်းစရာ ရှိလျှင် တပည့်ကပဲ လုပ်ပေးရမှာ မဟုတ်လား။ နေပါစေတော့ဗျာ ထားသာ ထားခဲ့လိုက်ပါတော့" လို့ ဟန်အမူအရာ အပြည့်နဲ့ လုပ်ပြန်သတဲ့။
"ကဲပါကွာ ငါကပဲ ကြည်ကြည်ဖြူဖြူ လက်ခံတာပါ။ ငါ့ကျောပေါ် ငါတက်ခိုင်းတာကွာ ခိုင်းတယ်လို့ သဘောထား ဟုတ်ပြီလား"
"ဆရာရယ် ဆရာလို အနစ်နာ ခံလွန်းတဲ့ ဆရာမျိုး" ဟုဆိုကာ ဆို့နစ် တိမ်ဝင်သွားဟန် ပြုသတဲ့။
"ကဲကဲ တက်တက် အချိန်လင့်နေဦးမယ်" ဆိုတော့ ငိုက်စိုက်ငိုက်စိုက် နဲ ကျောပေါ် တက်ခွတော့တာပေါ့။ "အမယ် ဇိမ်ကျသဟ" နှစ်ဦးစလုံး အသံမထွက်ကြ။ စိတ်ထဲကသာ ကြိတ်ဆို ကြတယ်။ ဒီလိုနဲ့ မြို့ပြ ရောက်လာတယ်ပေါ့။
မြို့ရောက်တော့ နှစ်ဦးလုံး ဗိုက်ကလည်း ဆာနေကြတာပေါ့။ "ကဲတပည့်ရေ ကျောပေါ်ကနေ ဆင်းတော့ စားစရာ သွားရှာချေ"
"ဆရာ ဆရာ ဆရာ"
"ဟေ ဘာတုန်း"
"မြို့က လူတွေက သူတို့ခိုင်းတာ လုပ်မှ စားစရာ ပေးမှာတဲ့"
"သူတို့က ဘာခိုင်းလို့လဲ"
"ကုန်ပစ္စည်းတွေ ဟိုဘက် တွန်းရွေ့ရမတဲ့။ ကျနော် မနိုင်ဘူးဆရာ"
"အော် ဒါများကွာ မင်းဆရာ ငါတယောက်လုံး ပါနေတာပဲ။ ဒီလောက်တော့ အပျော့ပါ"
မြည်းဟာ ပြောရင်းဆိုရင်း ကုန်တွေကို ဦးခေါင်းနဲ့ တွန်းရွေ့တော့တာပေါ့။ လူဟာ နားနေရင်း စိတ်ကူးပြန် သတဲ့။ မြို့သူ တယောက်ယောက်နဲ့ လက်ထပ်မယ်။ သားလေးတယောက် မွေးမယ်။ ဒီမြည်းရဲ့ လည်ဆံမွေးတွေက ငါ့သား ဆော့စရာ။ မိသားစု ထမင်းဝိုင်းမှာ မြည်းသားကို ငရုပ်စပ်စပ်လေးနဲ့ကင် ဝိုင်ကောင်းကောင်းလေးနဲ့ မြည်းမယ်။
ပြီးတော့ မြည်းခြေထောက် တွေကို မုယောစပါးနဲ့ စွတ်ပြုပ်လေးလုပ် ပူပူနွေး မိန်းမတကိုက်၊ သားတကိုက်၊ ပြီးတာ့ ငါအလှည့်ကျ ဟောသလို ကိုက်ဖဲ့ စားလိုက်လိုမှာ ဆိုကာ ယောင်ရမ်းကာ အလုပ် လုပ်နေတဲ့ မြည်းခြေထောက်ကို သွားကိုက်တော့တာပေါ့။
"ဟဟ ဘာတုန်း နာတယ်ဟ ငါ့ခြေထောက် ဘာဖြစ်။ တပည့် မင်းဘာဖြစ်" နဲ့ ဟထစ်ဟထစ် ဆိုနေတော့တာပေါ့။ အဲဒီမှာ လူလည်ကောင် ပြောလိုက်ပုံက "ဆရာ ညောင်းနေမှာ စိုးလို့ တပည့် နှိပ်ပေးတာ ဆရာ။ ကျနော်လက်တွေက ပေရေ ညစ်ပက်နေတော့ ဆရာ့ခြေထောက် ဖြူဖြူလေးတွေ မဲကုန်မှာ စိုးလွန်းလို့ ပါးစပ်နဲ့ နှိပ်ပေးမိတာ ဟဲဟဲ"
"အော် အေးအေး နေပါစေကွာ ရပါတယ် တပည့်ရယ်။ အင်း ဆရာဖြစ်ရတာ မကောင်းပါဘူးကွာ။ ခါးနာ ခြေထောက်နာ ခေါင်းနာ" လို့ တိုးတိုးလေး ငြီးလိုက်ပါတော့ သတဲ့။ နှုတ်ဖြင့် မြှောက်ပင့် ပေါင်းစားသော သူကို သတိထားပါ။ Crd
0 Comments