ဘုရားသခင်ကို လိုက်ဝယ်နေသော ကောင်လေး

တခါက ကောင်လေးတယောက်ဟာ ဒေါ်လာ တဒေါ်လာ ကိုင်ပြီး တဆိုင်ဝင် တဆိုင်ထွက်နဲ့ သူလိုချင်တဲ့ အရာကို မေးနေခဲ့တယ်။ "ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား"

အဲ့ဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကို နောက်ပြောင်သူ၊ ကျပ်မပြည့်သူ ထင်ပြီး ဆိုင်အပြင်ဘက်ကို မောင်းထုတ်လိုက်ကြတယ်။

နေဝင်မိုးချုပ်ခါနီး အချိန်မှာ (၂၉) ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။ ဆိုင်ပိုင်ရှင်က ဆံပင်တွေ ဖြူဖွေးနေတဲ့ အသက် (၆၀)ကျော် အဘိုးအိုတဦး ဖြစ်တယ်။

ကလေးငယ်ရဲ့ အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။ "ကလေး ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ။ အဘိုးကို ပြောပြနိုင်မလား"

အဘိုးအိုရဲ့ ကြင်နာတဲ့ စကားကို ကြားတော့ ကလေးငယ်က မျက်ရည် အဝဲသားနဲ့ သူ့နာမည်က ဘွန်နီ ဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးခဲ့လို ဦးလေးဖြစ်သူနဲ့ နေကြောင်း ပြောပြတယ်။

ဦးလေးက လက်သမားတဦး ဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်က ပြုတ်ကျပြီး ဆေးရုံ ရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေ သေးကြောင်း၊ ဆရာဝန်က "ဘုရားသခင်" သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့် အကြောင်း ပြောတယ်။

ဘွန်နီက ဘုရားသခင်ဆိုတာ အရမ်း ထူးဆန်းတဲ့အရာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဦးလေး အသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း အဘိုးအိုကို ပြောပြခဲ့တယ်။

အဘိုးအိုက ဂရုဏာသက်စွာနဲ့ "ကလေးမှာ ပိုက်ဆံ ဘယ်လောက် ရှိလဲ" လို့ ဘွန်နီကို မေးတယ်။

"တဒေါ်လာရှိပါတယ်"

"ကလေး ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တဒေါ်လာ ပဲကွ" အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ "Kiss of God" တံဆိပ် အချိုရည်ပုလင်းကို ယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။

"ယူသွားကလေး မင်းဦးလေးဟာ ဒီဘုရားသခင်ကို သောက်ပြီးသွားရင် နေကောင်းသွား လိမ့်မယ်"

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာ ပွေ့ပြီး ဆေးရုံကို ပြေးသွားခဲ့တယ်။ လူနာခန်းထဲ ရောက်တာနဲ့ "ဦးဦး ဦးဦး ဘုရားသခင်ကို သားဝယ်ခဲ့ပြီ။ ဦးမကြာခင် နေကောင်းသွားလိမ့်မယ်" လို့ ပြောတယ်။

နောက်တရက်မှာ အထူးကုအဖွဲ့တဖွဲ့ ဆေးရုံကို ရောက်လာခဲ့ပြီး ဘွန်နီဦးလေးကို ဆေးကုပေး ခဲ့တယ်။ အဲ့ဒီအဖွဲ့က အကောင်းဆုံးကုသမှု၊ ခေတ်အမီဆုံး ကိရိရာတွေနဲ့ ဘွန်နီဦးလေးကို နေကောင်းသွားတဲ့ အထိ ကုသပေးခဲ့တယ်။ ဆေးရုံက မဆင်းခင် ကြီးမြင့်တဲ့ ကုန်ကျစရိတ် တွေကို မြင်တော့ ဘွန်နီဦးလေးဟာ ပြန်မေ့မျော သွားမတတ်ပါ။

ဒါပေမယ် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ် တွေကို အဘိုးအို တဦးက ရှင်းပေးခဲ့ကြောင်း၊ အဲ့ဒီ အဘိုးအိုဟာ သူဌေးသူကြွယ် တဦးဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီတခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစား ယူထားကြောင်း၊ သူ့အားလပ်ရက်ကို ကုန်စုံဆိုင်လေး ဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ ကိုလည်း သူပဲ ငှါးရမ်းပေးခဲ့ကြောင်း ပြောပြတယ်။

အဘိုးအိုကို ဘွန်နီတို့ အရမ်း ကျေးဇူးတင်မိပြီး အဘိုးအိုကို သွားရောက် ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကို ရောင်းပြီး ခရီးထွက်သွား ခဲ့ပါတယ်။ ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့ စာတစောင်ကို သူတို့ လက်ခံရရှိ ခဲ့တယ်။

စာထဲမှာ ရေးထားတာက "အမောင်လူငယ်၊ ခင်ဗျားမှာ ဘွန်နီလို တူတယောက် ရှိတဲ့အတွက် အရမ်း ကံကောင်းပါတယ်။ ခင်များ အသက်ကို ကယ်ဖို့ ငွေတဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။

ဘုရားသခင်ကို ကျေးဇူးတင်ပါ။ ခင်များ အသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်များ မှတ်ထားရမှာက တကယ့် ဘုရားသခင်ဆိုတာ လူတွေရဲ့ မေတ္တာစိတ်ဘဲ ဖြစ်တယ်" လို့ ရေးထားတယ်။ မေတ္တာအားဖြင့် ငြိမ်းချမ်းကြပါစေ။ Crd

Post a Comment

0 Comments