ကိုယ်အလေးချိန်ကို ချဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် ပြန်မတက်လာအောင် ထိန်းဖို့ကတော့ မလွယ်ကူပြန်ပါဘူး။ ကိုယ်အလေးချိန် အမြဲတမ်းထိန်းချင်သူတွေအတွက်၊ ဘယ်တော့မှကိုယ်အလေးချိန်ပြန်မတက်ချင်သူတွေအတွက်၊ အမြဲတမ်းပိန်ပိန်သွယ်သွယ်လေးပဲ ဖြစ်နေချင်သူတွေအတွက် ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ။
၁။ မနက်စာစားပါ။
မနက်စာကို အာဟာရညီညွတ်အောင်စားရင် တစ်နေကုန် စွမ်းအင်ပြည့်ပြီး ခဏခဏ ဗိုက်မဆာတော့ပါဘူး။ အလွန်အကျွံလည်းမစားမိတော့ပါဘူး။ မနက်စာကို ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ လောက်အိထိ စားပေးသင့်ပါတယ်။ ပရိုတိန်းဓာတ်များတဲ့ ကြက်ဥ၊ အုတ်ဂျုံမှုန့်၊ အစေ့အဆန်၊ ဆာဒင်းငါးတို့ကို စားသုံးလို့ရပါတယ်။
၂။ အစားကို ပုံမှန်၊ အချိန်မှန်စားပါ။
အချိန်မှန်စားတာက ခန္ဓာကိုယ်အတွင်းက ကယ်လိုရီလောင်ကျွမ်းတာကို မြန်စေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကိုလည်း မစားဖြစ်တော့ပါဘူး။ အဲဒါကြောင့် တစ်နေ့ကို ၃ ကြိမ် ပုံမှန်စားပေးသင့်ပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ ၄ နာရီထက်ပိုပြီး မခြားသင့်ပါဘူး။
၃။ ညဘက်မှာ မီးဖိုခန်းထဲ မဝင်သင့်ပါဘူး။
ညဉ့်နက်မှ အစားထစားတတ်တဲ့အကျင့်ကို ပျောက်အောင် ညဘက်ဆိုရင် မီးဖိုခန်းထဲ မဝင်သင့်တော့ပါဘူး။ အစားစားဖို့အတွက် ညနေဘက်မှာကတည်းက နောက်ဆုံးအချိန်ကို သတ်မှတ်ထားပါ။ သွားတိုက်ပြီးတဲ့အခါမှာလည်း မစားသင့်တော့ပါဘူး။
၄။ စိတ်ညစ်တိုင်း စားတာကို ရှောင်ပါ။
အချို့တွေက စိတ်ညစ်တဲ့အခါမှာ ပိုစားမိတတ်ပါတယ်။ စိတ်ညစ်တဲ့အခါ စားမိလိုက်ရင် ကိုယ့်ကိုယ်ကိုယ် သတိမထားမိတော့ဘဲ အများကြီး စားမိသွားတတ်ပါတယ်။ အဲဒါကြောင့် စိတ်ညစ်တဲ့အခါ အစားမစားဘဲ ယောဂကျင့်တာ၊ တရားထိုင်တာ၊ ရေနွေးနဲ့ ရေချိုးတာမျိုး ပြုလုပ်ပါ။ လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ ခဏလောက်အိပ်တာမျိုးကိုလည်း ပြုလုပ်သင့်ပါတယ်။
၅။ ပမာဏအနည်းငယ်ပဲ စားပါ။
အစားစားတဲ့အခါ ပုံမှန်စားတာထက် ၂၀ရာခိုင်နှုန်း လျော့စားပါ။ ပန်းကန်သေးသေး၊ ပန်းကန်လုံးသေးသေးနဲ့သာ စားပါ။
၆။ ဖြည်းဖြည်းချင်းစားပါ။
အစားစားတဲ့အခါ အလုပ်လုပ်ရင်းနဲ့ မစားသင့်ပါဘူး။ စားပွဲမှာ သေချာထိုင်ပြီး အစားရဲ့အနံ့အရသာကို ခံစားပြီးမှ ဖြည်းဖြည်းချင်းစားသင့်ပါတယ်။ အဲဒီအခါ ဦးနှောက်က ဗိုက်ပြည့်ကြောင့် သိရှိသွားပါတယ်။ တီဗွီကြည့်ရင်းစားတာ၊ အလုပ်လုပ်ရင်းစားတာက ပိုပြီးစားမိသွားတတ်ပါတယ်။
၇။ ရေများများသောက်ပါ။
တစ်ခါတရံ ရေဆာတာကို ဗိုက်ဆာတယ်ထင်ပြီး အများကြီးစားမိသွားတတ်ပါတယ်။ အဲဒါကြောင့် ရေသောက်ဖို့ အချိန်မှန်ထားသင့်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကင်းစင်ဖို့ တစ်ရက်ကို ရေ၈ခွက်သောက်သင့်ပါတယ်။ အစားမစားခင်မှာလည်း ရေသောက်သင့်ပါတယ်။
၈။ အိပ်ရေးဝဝအိပ်ပါ။
အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာက စိတ်ဖိစီးမှုများစေတဲ့ ဟော်မုန်းတွေကို ပိုတက်လာစေပါတယ်။ နောက်ထပ်ဆိုးကျိုးတွေကတော့ မကြာခဏဗိုက်ဆာတတ်ပြီး အချိုဓာတ်ကို ပိုစားချင်လာတာပါ။
အဲဒါကြောင့် တစ်ညကို ၈နာရီပြည့်အောင် အိပ်သင့်ပါတယ်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကလည်း အချိန်မှန်သင့်ပါတယ်။ အခန်းက မှောင်ပြီး အေးနေတယ်ဆိုရင်တော့ ပိုပြီး အိပ်ပျော်ပါတယ်။
၉။ အသီးတွေကို မစားသင့်ပါဘူး။
အသီးတွေမှာ အာဟာရဓာတ်တွေပါပေမယ့် အချိုဓာတ်တွေလည်း အများကြီးပါနေတတ်ပါတယ်။ အဲဒါကြောင့် အသီးနဲ့ အသီးဖျော်ရည်တွေကို ရှောင်ပြီး အရွက်တွေကိုသာ များများစားသင့်ပါတယ်။
၁၀။ အမျှင်ဓာတ်ကို များများစားပါ။
အမျှင်ဓာတ်ပါတဲ့အစားအစာတွေကို စားထားရင် အချိန်အကြာကြီး ဗိုက်ပြည့်နေတယ်လို့ ခံစားရပါတယ်။ အမျှင်ဓာတ်များတဲ့ အုတ်ဂျုံမှုန့်၊ ရိုင်းဂျုံ၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ကညွတ်တို့ကို စားသုံးပါ။
၁၁။ စားတဲ့အစားအစာတွေကို ဓာတ်ပုံရိုက်ထားပါ။
စားတဲ့အစားအစာတွေကို စာအုပ်နဲ့ ရေးမှတ်ထားတာ၊ ဓာတ်ပုံရိုက်ထားတာက သင့်ရဲ့ကိုယ်အလေးချိန်ချဖို့၊ ထိန်းဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒီနည်းက အများကြီး မစားဖြစ်စေဖို့ ကူညီပေးပါတယ်။
Zombie (lovemedia)
0 Comments