တခါက သူဌေးသူကြွယ်တဦးဟာ ရေစီးသန်တဲ့ မြစ်ကို ကူးဖြတ်ရင်း လှေမှောက် သွားလို့ မြစ်လယ်မှာ ရှိတဲ့ ကျောက်တုံး တတုံးပေါ် တက်ပြီး အကူအညီ ရဖို့ အော်ဟစ်နေ ခဲ့တယ်။
အဲဒီ အချိန်မှာ လူငယ်လေး တယောက်က ရောက်လာခဲ့တယ်။ လူငယ်လေးဟာ ကိုယ့်အသက်ကိုမှ မမှုဘဲ သူကြွယ်ကို ကယ်ဖို့ လှေကို လှော်ခတ် ခဲ့ပါတယ်။
ဒါပေမယ့် ရေစီးသန်တဲ့ အတွက် လှေက ထင်သလောက် အမြန် မလှော်နိုင်ခဲ့ဘူး။ "ငါ့ကို မြန်မြန် ကယ်ပေးပါ။ ငါ့ကို ကယ်နိုင်ရင် မင်းကို ငွေ တထောင် ပေးမယ်"
သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့ အတွက် လှေက ဖြေးဖြေးပဲ ရွေ့လျား နိုင်ခဲ့တယ်။ "မြန်မြန်လှော်ပါ၊ ဒီအရောက် လှော်ခဲ့ရင် ငါ ငွေ ၂ ထောင်ပေးမယ်"
လူငယ်လေးက အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေ ကြားမှာ ထင်သလောက် အရာ မရောက်ခဲ့ဘူး။ "ရေတွေ တက်လာပြီ အားစိုက်စမ်းပါ။ မင်းကို ငွေ ၅ ထောင် ပေးမယ်"
သူကြွယ်က အော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ ကျောက်တုံးကို တဖြည်းဖြည်း မြုပ်လာခဲ့ပြီ ဖြစ်တယ်။ လူငယ်လေးဟာ သူ ကြွယ်ဆီ လှော်ခတ်နေတဲ့ လှေလှော်နှုန်း ဟာလည်း တဖြည်းဖြည်း ပိုနှေးသွားတယ်။ "မြန်မြန်လှော် ငါ တသောင်း ပေးမယ်"
သူကြွယ်ရဲ့ ခြေကို ရေ စမြှုပ်နေပြီ ဖြစ်တယ်။ ဒါပေမယ့် လှေသွားနှုန်းက ပိုနှေးလာခဲ့တယ်။ "၅ သောင်း ပေးမယ် ၅ သောင်း"
စကားတောင် ဆုံးအောင် မပြောနိုင်ပဲ လှိုင်းကြီး တလုံးကြောင့် သူကြွယ်ဟာ မြစ်ထဲကျ နစ်မြုပ်ပြီး ရေနောက် လိုက်ပါသွားခဲ့တယ်။ လူငယ်လေးက လှေကို ကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့ ရေရွတ်နေတယ်။
"ခင်ဗျားကို ကျွန်တော် ကယ်မလို့ ပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေ လာပေးခဲ့ရသလဲ။ တကြိမ်ပြီး တကြိမ် ငွေတွေ တိုးပေးခဲ့လို့ ကျွန်တော် ဖြေးဖြေးလှော်ရင် ငွေ ပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါကြောင့် ရေနောက် ခင်ဗျား ပါသွားခဲ့တယ်။
ကျွန်တော်ကြောင့် ခင်ဗျား အသက် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့်၊ ခင်ဗျားကို ကယ်ဖို့ ကျွန်တော့်စိတ်ထဲမှာ ရိုးသားမှု တွေပဲ ရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိ ချိန်မှာ ခင်ဗျား ဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေ ပေးမယ်လို့ ပြောခဲ့ရသလဲ"
သူများရဲ့ စေတနာတွေ၊ ရိုးသားမှုတွေ အပေါ် အရောင်မဆိုး မိဖို့ လိုပါတယ်။ ကိုယ်က ပေးမယ့် စေတနာတွေ အတွက်ကိုလည်း အစွန်းထင်း မခံပါနဲ့။ Crd
0 Comments