စာလို တတ်ပြီး လူလို မတတ်တဲ့ သူတွေကို တွေ့တော့ "စိတ်ကောင်းရှိမှ လူကောင်း ဖြစ်မယ်" ဆိုတဲ့ စကားကို ပိုပြီး လက်ခံလာတယ်။
အသက်တွေသာ ကြီးပြီး စိတ်သဘောထားတွေ မကြီးနိုင် သေးတဲ့ လူတွေကို တွေ့တော့ "အသက်ကြီး လို့သာ လူကြီးလို့ ခေါ်ပြီး အသိ မရှိတော့ အလကားပဲ" လို့ မြင်လာတယ်။
လူက ချမ်းသာ နေပြီးတော့ စိတ်မချမ်းသာနိုင်တဲ့ လူတွေကို တွေ့တော့ ဘယ်လို နေရ နေရ ဘယ်လို စားရစားရ လွတ်လပ် ပျော်ရွှင်ခြင်းကသာ ဘဝတန်ဖိုး ဆိုတာ လက်ခံလာတယ်။
ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကို တွေ့တော့ "စိတ်ကောင်း မရှိတဲ့ ပညာတတ်ခြင်းက လောကကို ဒုက္ခပေးတတ်တယ်" ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ်။
ဂုဏ်ဓန ရှိပြီး ရုပ်ရည်ချောတဲ့ သူတွေက အခြောက်တိုက် ဘဝမြင့်နေပြီး တဖက်သားကို လူရာမသွင်းချင် ကြတဲ့အခါ "ရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရား ကပဲ လူရဲ့ တန်ဖိုး" လို့ ကိုယ်မြင်လာတယ်။
တထောင်ဖိုး ပေးလို့ တရာဖိုး လောက်တောင် အကောင်းမမြင်ဘဲ ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က အပြစ်ပဲ မြင်နေကြတဲ့အခါ ကိုယ်မှန်တယ် ထင်ရင် ဂရုမစိုက်ပဲ နေတတ်လာတယ်။
စေတနာ မေတ္တာတွေက ကိုယ်ပေးသလောက် မဆိုထားနဲ့ တခါတလေ တစက်လေးမှ ပြန်မရတဲ့အခါ "နောက်တခါ ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင်လည်း ဥပေက္ခာ ပြုပြီးနေ။ ဒါပေမယ့် မင်း မျော်လင့်ချက်တော့ သွားမထားမိစေနဲ့" လို့ ကိုယ့်ကိုယ်ကို ဆုံးမတတ်လာတယ်။
လူတချို့က လိုမှခေါ်တယ်။ လူတချို့က လိုမှ သုံးတယ်။ လူတချို့က အဆင်မပြေမှ ဆက်သွယ်တယ်။ လူတချို့က ဒုက္ခရောက်မှ သတိရတယ်။ လူတချို့က ဒဏ်ရာတွေ ပေးပြီး လိုသလို သုံးပြီးရင် ပြန်ထွက်သွား ကြတယ်။
ဒါတွေဟာ ဘဝထဲမှာ ခေါက်ရိုးကျိုး နေတဲ့အခါ လူတွေနဲ့ အရောဝင်ရမှာ ကြောက်လာတယ်။ လူတွေကို ယုံကြည်ရမှာ ကြောက်လာတယ်။ လူတွေကို ထပ်ချစ်ရမှာ ကြောက်လာတယ်။ လူတွေ အများကြီးနဲ့ တဟီးဟီး တဟားဟား နေရဖို့ထက် တယောက်ထဲပဲ အေးအေးဆေးဆေး နေချင်လာတော့တယ်။ နေတတ်အောင်လည်း ကြိုးစားတယ်။
မိုးရွာရင်လည်း ရွာမယ်၊ နေပူချင်လည်း ပူမယ်။ တခါတလေ ဘဝက ရာသီဥတု ဆန်တယ်။ ကိုယ်က နေတတ်မှ။ ဒီနေ့က မလွယ်ကူဘူး၊ နောက်နေ့က ပိုပြီး ခက်ခဲနိုင်တယ်။ ဒီနေ့ထက် မနက်ဖြန်မှာ ခံနိုင်ရည် ပိုပြီး ရှိနေရမယ်။
အပင်မြင့် ရင်လည်း လေတိုက် ခံရမှာဘဲ။ အပင်နိမ့်ရင် တက်နင်း ခံရဦးမှာဘဲ။ လောကဓံက ကွက်ကြားမိုး မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်က သန်မာနေမှ ဖြစ်မယ်။ Crd
0 Comments