ရေမရောပါနဲ့ ငါ့သားရယ်

တခါက ရွာငယ်လေး တရွာမှာ ဆင်းရဲလွန်းတဲ့ သားအဖနှစ်ယောက် ရှိခဲ့ဖူးတယ်။ အဖေက အလုပ် ကြိုးစားသလောက် သားဖြစ်သူက အရက်လေး တမြမြနဲ့ ဆိုတော့ သူတို့ သားအဖ ဆင်းရဲတာ မဆန်းပါဘူး။

အဖေဖြစ်သူက ဘယ်လိုပင် ဆုံးမစေကာမူ အဖေထက် အရက်ကို ပိုချစ်တဲ့ သားဖြစ်သူကို ဘယ်လိုမှပင် ဆုံးမလို့ မရနိုင်ခဲ့ ဖူးပေါ့။

ရပ်ရွာက ဆုံးမလို့လည်း မရ၊ မိဘစကားလည်း နွားရ ဆိုတော့ သားဖြစ်သူရဲ့ ရှေ့ရေးကို ရင်လေးမိ တာပေါ့။

တနေ့မှာတော့ အဖေဖြစ်သူက လုပ်ငန်းခွင် မဝင်ပဲ မနက်စောစော မှာပင် အိမ်ရှေ့မှာ အရက်ထိုင်သောက် နေတာကို သားဖြစ်သူမြင်လေသော် သားဖြစ်သူမှာ အံ့အားသင့် စွာဖြင့် "အဖေ ဘာလို့ စောစောစီးစီး သောက်နေတာလဲ"

သားရဲ့ အမေးကို မဖြေပဲ တခွက် မော့လိုက်လေသည်။ နောက်တခွက် ငှဲ့လိုက်သည်။ ထပ်ပြီး မော့လိုက် ပြန်သည်။ ထိုအခါ သားဖြစ်သူက မနေနိုင်တော့ပဲ အနားသို့ တိုးလာပြီးလျှင် "အဖေ ရေလေးတော့ ရောသောက်ပါဦး" ဟု ပြောသည်။

သားဖြစ်သူက ရေခွက်လေးထဲ ရေထည့်ကာ ကမ်းလိုက်သည်ကို အဖေဖြစ်သူက ငြင်းဆန် လိုက်လေသည်။

"ရေမရော ပါနဲ့ သားရယ် ကျေးဇူးပြုပြီးတော့ ရေ မရောပေး ပါနဲ့။ အရက်ထဲ ရေရောရင် အရက်ရဲ့ အရသာ ဘယ်သိတော့ မလဲကွာ။ မူးဖို့လည်း မလွယ် အချိန်လည်း ကြာတော့ မှာပေါ့။

အဲဒီလိုပဲ ငါ့သား ဘဝထဲကို ပျင်းရိခြင်းတွေ မိုက်မဲခြင်းတွေ မရောပါနဲ့။ ဘဝဟာ အရသာ ပျက်သွားလိမ့်မယ်။ သာယာချမ်းမြေ့ခြင်းဆိုတာလည်း တွေ့ဖို့ ခက်ပါလိမ့်မယ်။

ဒီနေ့က စပြီး အဖေနဲ့ အတူ ဘဝရဲ့ အရသာကို ငါ့သားလေး ရှာပါ။ သာယာချမ်းမြေ့ခြင်းတွေက အဖေတို့ သားအဖကို စောင့်နေကြတယ် ဆိုတာ မမေ့ပါနဲ့ သားရယ်"

ဒီစာစုလေးကို ဖတ်မိတဲ့ စာပေမြတ်နိုးသူ အားလုံးလည်း မိမိပိုင်ဆိုင်တဲ့ ဘဝလေးထဲမှာ ပျင်းရိခြင်း မိုက်မဲခြင်းတွေ မတွေ့ပါစေနဲ့လို့ ကျွန်တော် ဆန္ဒပြုရင်းဖြင့် "ရေမရောပါနဲ့ သားရယ် "အမည် ပေးထားတဲ့ စာစုကို ဒီနေရာမှာပဲ နိဂုံးချုပ်ပါရစေ။

လူသားအားလုံး ဘဝရဲ့ အရသာကို ရှာတွေ့ကြပါစေ။ Crd

Post a Comment

0 Comments