လက်သည်းကို မကြာခဏကိုက်တဲ့အခါ ရရှိလာမယ့်ဆိုးကျိုး (၆) ခု

စိုးရိမ်ကြောင့်ကြ သောကရောက်စရာ အခြေအနေတွေနဲ့ ကြုံတွေ့တဲ့အခါ ဒါမှမဟုတ် အကျင့်ပါနေတဲ့အခါမှာ လက်သည်းကို ကိုက်မိတတ်ကြပါတယ်။ တကယ်တော့ လက်သည်းကိုက်တာက ထင်ထားတာထက်ကို ဆိုးကျိုးတွေ ပိုဖြစ်စေပါတယ်။

၁။ သွားတွေကို နာကျင်စေခြင်း

သွားတွေက လက်သည်းထက် ပိုပြီးတော့ ခိုင်မာပါတဘ်။ ဒါပေမယ့် လက်သည်းကို ခဏခဏကိုက်တဲ့အခါမှာတော့ သွားနဲ့ သွားဖုံးတွေ နာကျင်လာပါတယ်။ လက်သည်းခဏခဏကိုက်ရင် သွားတွေက နေရာအနည်းငယ်ရွေ့ပြီး အရင်ကလောက် မလှနိုင်တော့ပါဘူး။

၂။ ခံတွင်းနံ့ဆိုးစေခြင်း

လက်ကို ခဏခဏဆေးရင်တောင် လက်သည်းကြားထဲက ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေက မကင်းစင်သွားနိုင်ပါဘူး။ လက်သည်းတွေ ကြားထဲမှာ ဘက်တီးရီးယားတွေက အမြဲတမ်းရှိနေနိုင်ပါတယ်။

လက်သည်းကို မကြာခဏကိုက်တဲ့အခါ လက်သည်းကြားထဲက ဘက်တီးရီးယားတွေက ခံတွင်းထဲကို ရောက်သွားပါတယ်။ အဲဒီကနေ သွားဖုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်စေပြီး ခံတွင်းအနံ့ဆိုးဝါးစေပါတယ်။

၃။ ဝမ်းလျှောခြင်း

လက်သည်းကို မကြာခဏကိုက်နေရင် လက်သည်းကြားထဲက ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေက ခံတွင်းထဲတင်မကဘဲ အူထဲကိုပါ ရောက်သွားပါတယ်။ အဲဒီဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေက အစာအိမ်အူလမ်းကြောင်းကို ပိုးဝင်စေပြီး ဗိုက်နာတာ၊ ဝမ်းလျှောတာကို ခံစားရစေပါတယ်။

၄။ မကြာခဏဖျားနာခြင်း

လက်မှာ ဘက်တီးရီးယားတွေက များစွာရှိနေပါတယ်။ မျက်နှာကို လက်နဲ့ ခဏခဏသွားကိုင်မိနေရင်၊ လက်သည်းကို မကြာခဏကိုက်နေရင် ကူးစက်ရောဂါပိုးတွေက ပျံ့နှံသွားမှာပါ။

အစပိုင်းမှာ မသိသာပေမယ့် အချိန်ကြာလာတဲ့အခါ လက်သည်းအမြဲကိုက်သူတွေက မကြာခဏ ဖျားနာလာတတ်ကြပါတယ်။

၅။ ဝက်ခြံတွေ ပေါက်လာခြင်း

လက်သည်းကြားထဲမှာ ပိုးမွှားတွေ အများကြီးရှိတာကြောင့် မျက်နှာကို ကိုင်မိနေရင် မျက်နှာက အဆီတွေ၊ ချွေးတွေနဲ့ ပေါင်းပြီး ဝက်ခြံတွေ ဖြစ်ပေါ်လာစေပါတယ်။

အဲဒါကြောင့် အသားအရေထိန်းသိမ်းသလောက် အကျိုးမရှိဖြစ်နေမှာပါ။ လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပြီးနောက်မှာတော့ မျက်နှာမှာ ဝက်ခြံတွေက သိသိသာသာနည်းပါးလာပါတယ်။

၆။ မကြာခဏခေါင်းကိုက်ခြင်း

လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိသူတွေမှာ မကြာခဏ ကြုံတွေ့ရတာကတော့ ခေါင်းကိုက်တာပါ။ လက်သည်းကိုက်တဲ့အခါမှာ မေးရိုးတွေပါ နာကျင်လာပါတယ်။ ကြွက်သားတွေလည်း တင်းလာပြီး မျက်နှာတစ်ဝိုက်မှာ နာကျင်လာပါတယ်။ အဲဒီကနေ ခေါင်းကိုက်တာကို ဖြစ်ပေါ်စေပါတယ်။

လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ လက်သည်းကို တစ်ခုခုနဲ့စွပ်ထားတာ၊ လက်သည်းနီဆိုးထားတာတွေက လက်သည်းကိုက်တဲ့အကျင့်ကို ပျောက်စေပါတယ်။

Zombie (lovemeida)

Post a Comment

0 Comments