ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ

တခါတုန်းက ရေကန်တခုထဲမှာ ငါးသုံးကောင် အတူတကွ နေထိုင်ကြပါတယ်။ ငါးတကောင်စီမှာ မတူညီတဲ့ အကျင့်စရိုက်တွေရှိကြပါတယ်။

ပထမငါးက အတိတ်က အကြောင်းကိုသာ တွေးပြီး အမြဲ ပျင်းရိလေးကန် နေတတ်ပါတယ်။ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်သင့်တယ် ဆိုတာကို ပထမ ငါးက လုံးဝ လက်မခံပါဘူး။

ပထမငါးဟာ "ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်" ဆိုတဲ့ အဆိုကို လုံးဝ ဆန့်ကျင်တဲ့ သူမျိုးပါပဲ။ သူ့အတွက် ဖြစ်လာမှ ရင်ဆိုင်လိုက်မယ်။ ဘာကိုမှ ကြိုမတွေး ထားသလို ဘာကိုမှလည်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ အမြဲတမ်း ပျင်းရိနေတတ် ပါတယ်။

ဒုတိယငါး ကတော့ ပစ္စုပ္ပန်မှာ နေထိုင်တဲ့ ငါးပါပဲ။ ဒုတိယငါး ကတော့ ဉာဏ်ရှိပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်တတ်သလို၊ နောက်ဆုံးမိနစ် မှာတောင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချတတ် သူမျိုးပါ။

တတိယ ငါးကတော့ ဉာဏ်အကောင်းဆုံး ပါပဲ။ သူက အမြဲတမ်း ဖြစ်လာနိုင်တာ တွေကို ကြိုတင် တွက်ဆထား တတ်ပါတယ်။ ဉာဏ်ရှိစွာနဲ့ ဆုံးဖြတ်ချက် ချတတ်ပြီး အမြဲတမ်း သူ့ဆီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အတွေးအခေါ် မျိုးတွေ ရှိနေတတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်အောင် လုံခြုံမှု ရှိအောင် အမြဲ အကြံကောင်းတွေ ပေးတတ်ပါတယ်။

တနေ့မှာတော့ လူတွေရဲ့ စကားပြောသံကို ကြားတဲ့ အတွက် ငါးတကောင်က ကျန်တဲ့ ငါးနှစ်ကောင်ကို တိတ်တိတ်လေး လာနားထောင်ဖို့ ခေါ်လိုက်ပါတယ်။ ရေကန်ပေါ်မှာ ပထမလူက ပြောနေသံကို ကြားရပါတယ်။

"ငါ ဒီကန်ထဲမှာ ငါးတွေ ရှိတာ တွေ့တယ်ကွ၊ တော်တော်လည်း ကြီးတယ်။ အဲဒီတော့ ငါတို့ တခြားနေရာမှာ အချိန်ဖြုန်းမယ့် အစား ဒီနေရာမှာပဲ ငါးမျှား ကြရအောင်ကွာ"

ဒုတိယလူက "အေး ဟုတ်တယ် မင်းအကြံကို ငါထောက်ခံတယ်။ ဒီကန်ထဲက ငါးတွေပဲ မျှားပြီး ချက်စား ကြတာပေါ့ကွာ။ အဲဒါဆို ငါတို့ မနက်ဖြန် နေ့လည်လောက် ကျရင် ဒီနေရာမှာ ငါတို့ဆုံပြီး ငါးဖမ်းကြ မယ်ကွာ" လို့ ပြန်ပြောပါတယ်။

စကားသံတွေ ဆုံးသွားတဲ့ အခါမှာတော့ ထိုလူနှစ်ယောက် ထွက်ခွာသွားတဲ့ ခြေသံတွေကို ကြားလိုက်ရ ပါတော့တယ်။

အဲဒီအချိန်မှာ ထိုလူနှစ်ယောက် ပြောသမျှကို နားထောင်နေတဲ့ ငါး ၃ ကောင်က အချင်းချင်း စကားပြော ကြပါတယ်။ နံပါတ် ၃ ငါးက အခြားနှစ်ကောင်ကို ပြောလိုက်ပါတယ်။

"ဟေ့ကောင်တွေ သူတို့က မနက်ဖြန် ငါတို့ကို လာဖမ်းမယ့်အကြောင်းကို ပြောနေတာကွ။ အဲဒီတော့ ငါတို့ အခြားတနေရာကို ခဏလောက် ပြောင်းနေလိုက်တာ ကောင်းမယ်နော်"

နံပါတ် ၂ ငါးက ထပြောပါတယ်။ "အေး ဟုတ်တယ် ငါလည်း ကြားတယ်။ ဒါပေမယ့် မနက်ဖြန် သူတို့ ပြန်လာမယ်၊ ပြန်မလာဘူး ဆိုတာက မကျိန်းသေ ပါဘူးကွာ။ ဒီနားဝန်းကျင်က အခြား နေရာမှာလည်း ငါးမျှားတာ ဖြစ်နိုင်တာပဲကွ။ တကယ် ဖမ်းဖြစ် မဖမ်းဖြစ် ဆိုတာက မနက်ဖြန် သူတို့နှစ်ယောက် ပြန်လာမှ သေချာမှာလေကွာ"

အဲဒီအချိန်မှာ နံပါတ် ၁ ငါးက "အမလေးကွာ လျစ်လျူရှု ထားလိုက်စမ်းပါ။ မနက်ဖြန်ထိ စဉ်းစားမနေနဲ့၊ ခုလိုချိန်မှာ ငါတို့ အနားယူဖို့၊ အေးအေးဆေးဆေး နေဖို့ အချိန်ရသေးတယ်၊ နေလိုက်အုံးမယ်" လို့ ပြောပြီးတာနဲ့ နံပါတ် ၁ ငါးကတော့ အေးဆေးပဲ ပြန်အိပ်နေသတဲ့။

နံ ပါတ် ၃ ငါးကတော့ ထိုနေရာနား ကနေ ခပ်မြန်မြန် ထွက်ခွာပြီး အခြား ဘေးကင်းတဲ့ နေရာတခုကို ပြောင်းသတဲ့။ နံပါတ် ၂ ငါးကတော့ "မနက်ဖြန် သူတို့ ပြန်လာတာ တွေ့မှ ငါတော့ လစ်တော့မယ်" ဆိုပြီး ကျန်ခဲ့သတဲ့။

နောက်တနေ့မှာ ငါးဖမ်းသမား ၂ ယောက် ပြန်ရောက်လာ ခဲ့ပါတယ်။ နံပါတ် ၂ ငါးက ထိုလူနှစ်ယောက်ကို မြင်တာနဲ့ သူလွတ်ဖို့ လမ်းကို အကြံထုတ်နေ ပါသတဲ့။ နံပါတ် ၂ ငါးက ကြိုတင် ကြံစည်ထားတဲ့ အတိုင်း မဖမ်းမိခင်မှာပဲ သေချင်ယောင် ဆောင်ပြီး နေပါတယ်။

ငါးဖမ်းသမားတွေဟာ နံပါတ် ၂ ငါးကို မြင်တဲ့အခါ သေပြီးသားငါးပဲ ဆိုပြီး အခြားငါးတွေ ပုပ်စော်နံမှာ စိုးတာကြောင့် နံပါတ် ၂ ငါးကို ရေကန်ထဲကို ပြန်လွှင့်ပစ်လိုက်ပါတယ်။

အဲဒီလိုနဲ့ နံပါတ် ၂ ငါးက လွတ် မြောက် သွားပါတယ်။ နံပါတ် ၁ ငါးကတော့ ကြောက်လန့်တကြား ဖြစ်နေတာက လွဲပြီး ဘာမှမစဉ်းစားနိုင် ပါဘူး။ အဲဒီအချိန်မှာပဲ ငါးဖမ်းသမား ၂ ယောက်က နံပါတ် ၁ ငါးကို ဖမ်းမိသွား ပါတော့တယ်။

ခြင်းတောင်းထဲထည့်ပြီး မကြာခင်မှာပဲ နံပါတ် ၁ ငါးဟာ အသက် သေဆုံးသွားရ ပါတော့တယ်။ အဲဒါကြောင့် ဘဝမှာ ကြိုတင်စီစဉ် ကာကွယ်ခြင်းဟာ ဘဝအတွက် ပိုကောင်းပါတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

သင်ခန်းစာလေး ကတော့ ကျွန်တော်တို့တွေရဲ့ ဘဝမှာလည်း မနက်ဖြန်မှ လုပ်လိုက်မယ်၊ ဒီနေ့တော့ ဘာမှမဖြစ်နိုင် ပါဘူးလို့ စဉ်းစားနေမယ့် အစား ကြိုတင် ကာကွယ်နိုင် သလောက် ကာကွယ်ခြင်းဟာ ဖြစ်လာမှ ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ်ဆိုတာကို ဒီအကြောင်းအရာလေးက ပြောပြထားတာ ဖြစ်ပါတယ်။ BAWA

Post a Comment

0 Comments