တခါတုန်းက တိုင်းပြည် တပြည်ကို သိမ်းပိုက်ဖို့ ရန်သူ့ စစ်တပ်ဟာ နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အားများနေတဲ့ အတွက် ဘုရင်ကလည်း ထွက်မတိုက်ဘဲ နေခဲ့တယ်။
ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီး ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေး တခု ခေါ်လိုက်တယ်။ ဘုရင်ကြီးက
"ငါတို့ မကြာခင် အချိန်မှာ အစာရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်။ ဒါကြောင့် ရန်သူ့တပ်ကို ငါတို့ ထွက်တိုက်မယ်"
ထိုအခါ စစ်သူကြီးတွေက "ဒါကတော့ မဖြစ်သင့်ပါဘူး အရှင်။ ရန်သူ့ စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား ကြီးလွန်းပါတယ်။ ဒါကြောင့် ထွက်တိုက်ရင် သေချာပေါက် ရှုံးပါလိမ့်မယ်။ ကံတရားက ကျနော်တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ်ပြီးသားပါ"
"ဒါဆို စစ်မတိုက်ရသေးဘဲ ငါတို့ ရှုံးမယ်လို့ ကံတရားက သတ်မှတ်ထား တာလား"
"ဟုတ်ပါတယ် အရှင်မင်းကြီး။ ဘုရင်ကြီး"
"ကောင်းပြီလေ။ မင်းတို့တွေ ကံတရားကို အဲဒီလောက် ယုံကြည်တယ် ဆိုရင် ငါတို့ ကံစမ်းကြည့် ကြတာပေါ့"
ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ သူ့အိတ်ထဲက အကြွေစေ့တခုကို ထုတ်လိုက်ပြီး ပြောတယ်။ ဘုရင်ကြီးက
"အခု ငါ့လက်ထဲမှာ အကြွေစေ့ ရှိတယ်။ ငါ မြှောက်လိုက်လို့ ပြန်ကျလာတဲ့အခါ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့ နိုင်မယ်။ ဒါကြောင့် ထွက်တိုက်မယ်။ ပန်း ကျရင်တော့ ငါတို့ရှုံးမယ်။ ဒါကြောင့် ထွက်မတိုက်တော့ဘူးလို့ ဆုံးဖြတ်မယ်။ ဘယ်လိုလဲ"
စစ်သူကြီးများ အားလုံးက တညီတညာတည်း ထောက်ခံကြတယ်။ အဲဒါနဲ့ ဘုရင်ကြီးက အကြွေစေ့ကို လေထဲ မြှောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ်။
ပြီးတော့ လက်ကို ဖြေးဖြေးခြင်း ဖွင့်လိုက်တဲ့ အခါမှာ ခေါင်း ဘက် ကျနေတာကို တွေ့ကြတယ်။ ဒါကြောင့် စစ်သူကြီး အားလုံး အရမ်းကို ပျော်သွားတယ်။ နောက် ဒီစစ်ပွဲမှာ သူတို့နိုင်မယ်လို့ ယုံကြည်သွားတယ်။
ဘုရင်ကြီးနဲ့စစ်သူကြီး တို့ဟာ ထွက်တိုက်ဖို့ အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အားနည်းတဲ့ အတွက် ယှဉ်တိုက်ဖို့ မလွယ်ဘူး။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ်တိုက်ဖို့ အစီအစဉ် ဆွဲလိုက်တယ်။
ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ်ဆိုတဲ့ အကြောင်းကို စစ်သူကြီးတွေကနေ တဆင့် စစ်သည်တော်တွေ အထိ ပြန့်နှံ့သွားတယ်။ ဒါကြောင့် စစ်သူကြီးတွေရော၊ စစ်သည်တော်တွေရော အားလုံး စိတ်ဓာတ်တက်ကြွ နေကြတယ်။ သူတို့ နိုင်မယ် လို့လည်း ယုံကြည်မှု ပြင်းထန်နေ ကြတယ်။
သူတို့ အစီအစဉ် ဆွဲထားတဲ့အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို ဝင်တိုက်ကြတယ်။ ရန်သူတွေဟာ အလစ် တိုက်ခံလိုက်ရတဲ့ အတွက် ဖရိုဖရဲ ဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြရ တော့တယ်။ စစ်နိုင်သွားတဲ့ အတွက် ဘုရင်ကြီးနဲ့ အတူ မှူးမတ်တွေ အားလုံး စားသောက်ပွဲ ကျင်းပကြတယ်။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ်။
"ဒီစစ်ပွဲမှာ ငါတို့ ဘာကြောင့်နိုင်တာလဲ"
"ကံတရား ကြောင့်ပါ အရှင်မင်းကြီး"
"ကံကြောင့် မဟုတ်ဘူးကွ။ မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကြောင့်ပဲ။ ကံကြောင့် မဟုတ်ဘူး။ မယုံရင် မင်းတို့ကိုငါ သက်သေ ပြမယ်" ဆိုပြီး ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။
အကြွေစေ့ရဲ့ မျက်နှာ၂ ဘက် စလုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ်။ ထို့နောက် ဘုရင်ကြီးက
"အလုပ်တခု အောင်မြင်ဖို့ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုတယ်။ ကံဆိုတာ ရွှေဒင်္ဂါး တပြား ဖြစ်ခဲ့ရင် ကြိုးစားမှုက ၉၀ ကျပ်သား၊ အခွင့်အရေး ၁၀ ကျပ်သား သွန်းလောင်းထားတယ်" ဆိုပြီး မိန့်တော်မူလိုက်ပါတယ်။ phoomyatchal
0 Comments