အလှမက်သောသစ်ပင်လေး

တခါက အအေးပိုင်းဒေသ တခုမှာ အဝါရောင် သစ်ရွက်တွေနဲ့ အရမ်းကို လှပတဲ့ သစ်ပင်နှစ်ပင် ရှိသတဲ့။ တွေ့မြင်တဲ့ သူတိုင်းကလည်း အဲဒီ သစ်ပင်နှစ်ပင်ဟာ အရမ်းလှတယ်လို့ ချီးမွမ်း ကြတယ်။ "သစ်ပင်တွေက အရမ်းလှတာပဲနော်"

ဒီလိုနဲ့ ဆောင်းရာသီ ဝင်ခါနီး အချိန်ကို ရောက်ရှိလာတယ်။ ပထမ သစ်ပင်ဟာ သူ့ရဲ့ သစ်ရွက်တွေ အားလုံးကို ချွေချ လိုက်တယ်။

ဒီအခါ ပင်စည်နဲ့ အကိုင်းတွေပဲ ကျန်တော့သတဲ့။ ဒီတော့ တွေ့တဲ့ လူတွေက "ရုပ်ဆိုးလိုက်တာ" လို့ ပြောသွား ကြတာပေါ့။

ဒုတိယသစ်ပင် ကတော့သူ့ရဲ့ အရွက်တွေကို ချွေချ လိုက်ရင် အလှ ပျက်သွားမှာကို စိုးရိမ်နေတယ်။ လူတွေက သူ့ကို လှတယ် လို့ ပြောတာပဲ လိုချင်နေတယ်။ ဒါနဲ့ပဲ သစ်ရွက်တွေကို ချွေမချဘဲ နေသတဲ့။

အဲဒီအခါ ပထမသစ်ပင်က ဆောင်းရာသီ ရောက်ခါနီးလို့ သူ့ကို သတိပေး တာပေါ့။ "သူငယ်ချင်း ဆောင်းရာသီ ဝင်တော့မယ်။ မင်းရဲ့ အရွက်တွေကို ချွေချလိုက်တော့လေ"

ဒုတိယသစ်ပင် ကတော့ သူ့ရဲ့အလှ မပျက်ဖို့သာ စဉ်းစားပြီး မသိချင်ယောင် ဆောင်နေသတဲ့။ လူတွေက သစ်ပင်နှစ်ပင်ကို ကြည့်ပြီး ဝေဖန်ကြတာ့ပေါ့။ "ဟွန်း တပင်က လှသလောက် တပင်က ရုပ်ဆိုးလိုက်တာ"

ဒီလိုနဲ့ ဆောင်းရာသီကို ရောက်လာ ပါတော့တယ်။ ဒီအခါ ရာသီဥတုဟာ အေးလာပြီး နှင်းတွေ ကျလာတော့ သတဲ့။ နှင်းတွေဟာ ပထမသစ်ပင်ပေါ်မှာ တင်မနေဘဲ အကိုင်းနဲ့ ပင်စည်တလျှောက် လျှောကျသွား တော့ပေါ့။ ဒုတိယသစ်ပင်ပေါ် မှာတော့ နှင်းဖက်တွေဟာ အပြည့် တင်နေ ပါတော့တယ်။

ဒီလိုနဲ့ နှင်းတွေ အရမ်းကျတဲ့ ညတညမှာ သစ်ပင်တပင် ပြိုလဲတဲ့ အသံကို ပထမသစ်ပင်က ကြားလိုက်ရတယ်။ ပထမသစ်ပင်က လှမ်းကြည့်ပေမယ့် မှောင်နေလို့ ဘာမှ မမြင်ရဘူးပေါ့။ ဒါကြောင့် မိုးမြန်မြန်လင်းဖို့သာ ဆုတောင်းနေမိ တော့တယ်။

မနက် မိုးလင်းလာတဲ့ အခါမှာတော့ ဒုတိယ သစ်ပင်ဟာ ပင်စည်က ထက်ပိုင်း ကျိုးကျပြီး လဲကျနေတာ တွေ့လိုက်ရသတဲ့။ "ဟင်သူငယ်ချင်း ဘယ်လို ဖြစ်ရတာလဲ"

"ညက နှင်းတွေ တအားကျတော့ နှင်းဖတ်တွေရဲ့ အလေးချိန်ကို မခံနိုင်ဘဲ ထက်ပိုင်း ကျိုးကျတာလေ။ ငါ့ရဲ့ အရွက်တွေ အပေါ်မှာ နှင်းဖတ်တွေက မတန်တဆ တင်ပြီး ကပ်နေကြ လို့ပေါ့။

ငါက လူတွေ ချီးမွမ်းလို့ အလှမက်ပြီး သစ်ရွက်တွေကို ချွေမချမိ ခဲ့ဘူးလေ။ ဒါကြောင့် အခုတော့ ငါ့ရဲ့ ပင်စည် ကျိုးသွားပြီ။ မင်းလိုမျိုး အကိုင်းအခက် တွေနဲ့ ဝေဆာနေဖို့ နောက် လေးငါးနှစ်လောက် ဒီလို ရုပ်ပျက် ဆင်းပျက် နေရဦးမယ်။

မင်းကတော့ ဒီဆောင်းရာသီ ကုန်လို့ နွေဦးကို ရောက်တာနဲ့ ရွက်ဝါတွေ ထွက်လာလို့ ရှိရင် အရမ်း လှသွားပြီ ပေါ့ကွာ" လို့ ဒုတိယ သစ်ပင်လေးက ဝမ်းနည်းစွာနဲ့ ဆိုသတဲ့။

ဒုတိယသစ်ပင်ဟာ အခြေအနေနဲ့ အချိန်အခါကို မသိဘဲ အလှအပကို တွယ်တာနေ မိတဲ့ သူ့ရဲ့ အမှားကို နောင်တရနေ မိတော့သတဲ့ကွယ်။ Crd

Post a Comment

0 Comments