သူဖုန်းစားအကြံ လက်မခံ

တခါတုန်းက ကုန်ပစ္စည်းတွေကို အထမ်းနဲ့ ထမ်းပြီး လှည့်လည် ရောင်းချတဲ့ ကုန်သည်တယောက် ရှိသတဲ့။ ထမ်းပိုးရဲ့ အရှေ့ဘက်မှာရှိတဲ့ တောင်းသေးထဲမှာ ကုန်တချို့ကိုထည့် အနောက်ဘက် တောင်းကြီးထဲမှာ တချို့ထည့်ပြီး ရွာစဉ်ရွာတန်းတလျှောက် လှည့်လည် ရောင်းချရတာပေါ့။

အဲဒီလို လှည့်လည် ရောင်းချရင်း နွေနေ့လည် တရက်မှာ ရွာနှစ်ရွာကြားမှာ ရှိတဲ့ ဇရပ်အို တဆောင်နား ရောက်တော့ ခရီးတထောက် နားဖို့ ဇရပ်ပေါ် တက်လာတာပေါ့။

ပါလာတဲ့ ကုန်တွေရဲ့ တဝက်ကျော်ကျော်လောက် ရောင်းခဲ့ပြီးပြီ ဆိုတော့ အေးအေးဆေးဆေး နားလိုက်ဦးမယ် ဆိုတဲ့ အကြံနဲ့ပေါ့။

ကုန်ကသာ တဝက်လောက် ရောင်းခဲ့ရတာ ထမ်းလာတဲ့ ဝန်ကတော့ ထူးပြီး ရော့မလာခဲ့တော့ ပင်ပန်းတာပေါ့။ ဇရပ်ပေါ် တက်၊ အထမ်းလေးချ၊ ချွေးလေးသုတ်၊ ဇရပ်ပေါ်က ရေအိုးထဲက ရေလေး သောက်ပြီးတော့ ခံတွင်းက ချဉ်လာ။ ဆေးပေါ့လိပ် ကလေးကိုထုတ်၊ ဖင်စီခံကလေးကို ကြမ်းနဲ့ခေါက်၊ မီးညှိဖို့ လုပ်တော့ မီးခြစ်က ပါမလာ။

အဲဒီအချိန်ကြမှ မီးတို့ဖို့ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ ဇရပ်ထောင့်တဖက်မှာ အေးအေးလူလူနဲ့ ဆေးလိပ် ဖွာနေတဲ့ လူတယောက်ကို တွေ့ရတယ်။ ဒီလိုနဲ့ ဆေးလိပ်မီးညှိရင်း စကားစမြည် ပြောဖြစ်ကြတာပေါ့။

ဇရပ်မှာ အရင်ရောက်နေသူက "မိတ်ဆွေရယ် ခင်ဗျား ဝင်လာကတည်းက ကျုပ် ကြည့်နေတာ၊ နားမလည်တာလေး တခုရှိလို့ မေးခွင့်ပြုပါဗျာ" ဆိုပြီး မေးတယ်။

အထမ်းသည် ကလည်း "မေးပါဗျာ။ ဘာများ သိချင်လို့ပါလဲ" လို့ ခွင့်ပေးတော့ "ခင်ဗျားအထမ်းရဲ့ တောင်းတွေ ထဲမှာ မရောင်းရသေးတဲ့ ကုန်တွေ ကြားထဲမှာ ကျောက်တုံး ကျောက်ခဲတွေ ရောထည့်ထားတာကို နားမလည်လို့ပါ" လို့ ဇဝေဇဝါနဲ့ မေးလိုက်တယ်။

အဲဒီအခါ အထမ်းသည်က "ဪ ဒါလား၊ ကျုပ်က ရွာစဉ်တလျှောက် ရောင်းလာပြီးတော့ ကုန်တချို့ ကုန်သွားတယ်လေ။ ကုန်တွေ ကုန်သွားတော့ ထမ်းပိုး ရှေ့နောက်က အလေးချိန် မတူတော့ဘူးလေ။ ခင်ဗျားသိတဲ့ အတိုင်းပဲ။ ထမ်းပိုးဆိုတာ ရှေ့နောက် အလေးချိန် ညီမှ ထမ်းရတာ သက်သာတာလေ။

အဲဒီလို အလေးချိန် ညီအောင်လို့ ကုန်ပစ္စည်းတခု ရောင်းရတိုင်း အလေးချိန် တူတဲ့ ကျောက်ခဲတလုံးကို တောင်းထဲ ပြန်ထည့် ထားတာလေ။ တောင်းက အသေးတတောင်း အကြီးတတောင်း ဆိုတော့ တောင်းနှစ်တောင်း အလေးချိန် ညီနေတော့ ထမ်းရ သက်သာတာပေါ့ဗျာ။ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အတွေ့အကြုံ တွေပေါ့။ ဟဲ ဟဲ ဟဲ ဟဲ" ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ဖြေလိုက်တယ်။

အရင်ရောက်နေသူက အနည်းငယ် စဉ်းစားပြီး "မိတ်ဆွေရယ် ရှေ့နောက် အလေးချိန် ညီဖို့ဆိုရင် ကျောက်တုံး ကျောက်ခဲတွေ ထည့်စရာ မလိုပါဘူး။ မကုန်သေးတဲ့ ကုန်တွေကိုပဲ ရှေ့တောင်းနဲ့ နောက်တောင်းထဲမှာ အလေးချိန် မျှအောင် ခွဲထည့်လိုက်ရင် အလေးချိန်လည်းမျှ ခင်ဗျား ထမ်းရတဲ့ ဝန်လည်း ပေါ့တာပေါ့ဗျာ" လို့ အကြံပြုသတဲ့။

ထိုအခါ အထမ်းသမားလည်း အကြံပေးတဲ့အတိုင်း လုပ်ကြည့်တော့ အတော်လေး အဆင်ပြေတာကို တွေ့ရတာပေါ့။ "ဟာ ဟုတ်လိုက်လေ မိတ်ဆွေရယ်။ တော်တော် အဆင်ပြေတာပဲ။ ကျုပ်တော့ တခါမှ မစဉ်းစားမိဖူးဗျာ။ ကျေးဇူးတင် လိုက်တာဗျာ" လို့ ဝမ်းသာအားရ ပြောပြီး ထမ်းပိုးကို ကောက်ထမ်း ခရီးဆက်မယ် လုပ်ရင်း

"ခင်ဗျား တော်တော် ဉာဏ်ကောင်းတဲ့ လူပဲဗျာ။ တော်ရုံလူတော့ မဟုတ်နိုင်ဘူး။ အလုပ်ကြီး အကိုင်ကြီး လုပ်တဲ့သူ ဖြစ်မယ်ထင်တယ်။ ခင်ဗျားရဲ့ အလုပ်အကိုင်လေး ပြောပါဦး" လို့ မေးလိုက်တယ်။

"မခက်ခဲ ပါဘူးဗျာ။ ခင်ဗျားက အတွေ့အကြုံသာ ရှိပြီး စဉ်းစားဆင်ခြင်သုံး သပ်မှုအားနည်းလို့ မမြင်တာပါ။ ဪ ဒါနဲ့ ကျုပ်က ဒီအနီးနား တဝိုက်မှာ တောင်းရမ်း စားသောက်နေတဲ့ သူဖုန်းစား တယောက်ပါ" လို့ ပြန်ဖြေသံ ကြားလိုက်ချိန် မှာတော့ ကုန်သည်ကြီးက

"ဘာ ဘာ ဘာကွ။ မင်းက သူတောင်းစား ဟုတ်လား။ ပင်ပန်းရင် ပင်ပန်းပါလေ့စေ၊ ငါလို လူမျိုးက မင်းလို သူတောင်းစား ပေးတဲ့ အကြံတော့ လက်မခံနိုင်ဘူး" ဆိုပြီး အရင် ဖယ်ထားတဲ့ ကျောက်တုံးတွေ တောင်းထဲ ပြန်ကောက်ထည့် ထမ်းပိုးကို ထမ်းပြီး ထွက်သွားပါတော့တယ်။

(လူ့လောကမှာ အတ္တကြီးသူ၊ ဆင်ခြင်ဉာဏ် နည်းသူတို့ကို ဘယ်သောအခါမှ အကြုံမပြုမိဖို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းပါရစေ) phoomyatchal

Post a Comment

0 Comments