မကောင်းမှုကံ အကျိုးပေး

မြတ်စွာဘုရား ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ် ကပေါ့။ ရပ်ဝေးရပ်နီး သံဃာတော် များဟာ မြတ်စွာဘုရားကို ဖူးမြော်ဖို့ နေ့စဉ် ရောက်လာ ကြတယ်။

တနေ့မှာတော့ သမုဒ္ဒရာ တဖက်ကမ်းမှာ သီတင်းသုံးတဲ့ သံဃာတော်တွေ ရောက်လာ ကြတယ်။ မြတ်စွာဘုရားကို ဖူးမြင် အပြီးမှာ ရဟန်းတပါးက ဦးဆောင်ပြီး လျှောက်ထားတယ်။

"ဘုန်းတော်ကြီးလှသော အရှင်ဘုရား၊ တပည့်တော်တို့ဟာ အရှင်ဘုရားရဲ့ ခြေတော်ရင်းကို ရောက်ဖို့အတွက် သမုဒ္ဒရာကို လှေနဲ့ ဖြတ်လာကြရ တာပါ ဘုရား။

ထိုကဲ့သို့ လာကြရင်း လှေကြီးဟာ ကျောက်ချထားသလို ရပ်နေပါတယ်။ အဲဒါကြောင့် သူယုတ်မာမဲ ခွဲကြရာ လှေသူကြီးရဲ့ မယားချည်း သုံးကြိမ်တိုင်တိုင် မဲကျပါတယ် ဘုရား။

လှေသူကြီးလည်း သူယုတ်မာ တယောက်ကြောင့် လူအများ မပျက်စီးသင့် ဆိုပြီး သူ့တပည့်တွေကို အဲဒီမိန်းမရဲ့ လည်ပင်းမှာ သဲအိုး ဆွဲပြီး ရေထဲကို ပစ်ချခိုင်းလိုက် ပါတယ် ဘုရား။ အဲဒါကြောင့် အဲဒီ မိန်းမရဲ့ ရှေးကံကို သိပါရစေ ဘုရား"

အဲဒီအခါ မြတ်စွာဘုရားက ဒီလို ဟောကြားတော် မူတယ်။ "ချစ်သား ရဟန်းတို့၊ ထိုမိန်းမတွင် ရှေးအခါက ခွေးတကောင် ရှိဖူးသည်။

ခွေးသည် သခင်သွားရာသို့ မပြတ် လိုက်သောကြောင့် ကာလသား လူငယ်များက ထိုမိန်းမအား ထိုခွေးနှင့် သမုတ်စကား ပြောင်လှောင် ပြောကြားသည်။

မိန်းမလည်း အရှက်ဒေါသ ဖြစ်ရကား သဲအပြည့် ထည့်သော အိုးကို ခွေး၏ လည်ပင်းတွင် ဆွဲလျက် ရေထဲသို့ ပစ်ချလေသည်။

ချစ်သား ရဟန်းတို့၊ အဆိုပါ မိန်းမသည် ထိုမကောင်းမှု ကံကြောင့် ကာလကြာရှည်စွာ ငရဲ ခံခဲ့ရ၏။ ငရဲမှ လွတ်သော်လည်း မကောင်းမှုကံ အကျိုးဆက်ဖြင့် ရေထဲသို့ ပစ်ချခံရသည်မှာ ဘဝပေါင်း တရာ ရှိခဲ့ပြီ" ဟု ဟောကြားတော် မူပါတယ်။

မကောင်းမှု ပြုသူသည် ကောင်းကင်၌ နေသည် ဖြစ်စေ၊ သမုဒ္ဒရာ အလယ်၌ နေသည်ဖြစ်စေ၊ တောခေါင်းထဲသို့ ဝင်ရောက်နေသည် ဖြစ်စေ မကောင်းမှုကံ အကျိုးပေးမှ မလွတ်ကင်းရာ။ မကောင်းမှုကံ အကျိုးပေးမှ လွတ်သည် ဆိုသော ရပ်ဋ္ဌာနမျိုးသည် မရှိချေ။

Post a Comment

0 Comments