အသက်အရွယ်မရွေး မှတ်ဉာဏ်တိုးတက်လာစေမယ့် နည်းလမ်း (၁၀) ခု

စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ စိတ်ရှုပ်ထွေးစရာတွေများတဲ့အခါ၊ မနက်စာပုံမှန်မစားတဲ့အခါ၊ နေမကောင်းတဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ ရေတိုမှတ်ဉာဏ်က အနည်းငယ် ကွယ်ပျောက်သွားတတ်ပါတယ်။

လူတွေရဲ့နာမည်ကို မေ့နေတာ၊ လာယူတဲ့ပစ္စည်းကို မေ့နေတာ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိတာ စတဲ့အဖြစ်မျိုးတွေ ကြုံတွေ့နေရတတ်ပါတယ်။

မကြာခဏမေ့တတ်တာက အသက်အရွယ်မရွေးဖြစ်လေ့ ရှိပါတယ်။ အဲဒါကြောင့် မှတ်ဉာဏ်ကိုတိုးတက်စေဖို့ နေ့စဉ်ပြုလုပ်နိုင်တဲ့အရာလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ညာဘက်လက်ကို သန်ရင် ဘယ်ဘက်လက်ကို အသုံးပြုပါ။

အစားစားတဲ့အခါ၊ စာရေးတဲ့အခါ၊ ပစ္စည်းတစ်ခုခုကို ယူတဲ့အခါ သင်က ညာသန်ဖြစ်ရင် ဘယ်ဘက်လက်ကို အသုံးပြုပါ။ ဘယ်သန်ဖြစ်ရင် ညာဘက်လက်ကို အသုံးပြုပါ။ အစပိုင်းမှာ ခက်ခဲပေမယ့် ဒီနည်းလမ်းက မှတ်ဉာဏ်ကိုတိုးတက်စေဖို့ အရမ်းကို အကျိုးပြုပါတယ်။

၂။ နေ့စဉ်လုပ်နေကျအလုပ်တွေကို မျက်လုံးမှိတ်ပြီး ပြုလုပ်ပါ။

နေ့စဉ်လုပ်နေကျအလုပ်တွေဖြစ်တဲ့ ရေချိုးတာ၊ အခန်းတစ်ခန်းကနေ အခြားအခန်းကို ကူးတာ စတဲ့အလုပ်တွေမှာ မျက်လုံးမှိတ်ပြီး ပြုလုပ်ကြည့်ပါ။ ဒါ့အပြင် အိမ်နဲ့ ရုံးက လှေကားထစ်တွေကို ရေတွက်တာ၊ အိမ်မှာ ပန်းကန်ဘယ်နှချပ်ရှိလဲဆိုတာကို စိတ်ကူးနဲ့ရေတွက်ကြည့်တာတွေက ဦးနှောက်ကို အလုပ်ပေးသလိုဖြစ်စေပါတယ်။

၃။ မနက်ခင်းမှာ လုပ်နေကျအလုပ်တွေကို ပြောင်းလဲလုပ်ကြည့်ပါ။

လူအများစုက မနက်အိပ်ရာထတာနဲ့ အချိန်ကို ကြည့်ပြီး စီစဉ်ထားတဲ့အရာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ အသစ်အဆန်းတွေကို ပြုလုပ်တာက ဦးနှောက်ကို ထက်မြက်စေတဲ့နည်းလမ်းပါပဲ။ မနက်လုပ်နေကျအရာတွေကို အချိန်ပြောင်းပြီး ပြုလုပ်ကြည့်ပါ။

၄။ ဇောက်ထိုးကြည့်ပါ။

တစ်ခါတရံ နာရီ၊ ဓာတ်ပုံ၊ ပြက္ခဒိန်၊ စာတွေကို ဇောက်ထိုးကြည့်တာတွေကလည်း ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေတဲ့အရာတွေပါ။ လုပ်နေကျအရာတွေကို ဇောက်ထိုးကြည့်တဲ့အခါ ဦးနှောက်က အဲဒီအရာတွေမှာပဲ အာရုံစိုက်ထားရတာကြောင့်ပါ။

၅။ အကြွေစေ့တွေနဲ့ ကစားပါ။

အကြွေစေ့တစ်စေ့ကို ကိုင်ထားပြီး မျက်လုံးမှိတ်ထားပါ။ အဲဒီနောက် အကြွေစေ့ပေါ်မှာ ရိုက်နှိပ်ထားတဲ့ စာလုံးတွေကို ခန့်မှန်းဖတ်ကြည့်ပါ။ အမြင်အာရုံကို အသုံးမပြုဘဲ အထိအတွေ့ကို အသုံးပြုပြီး စာဖတ်တာက ဦးနှောက်မှတ်ဉာဏ်ကို သိသိသာသာတိုးတက်လာစေပါတယ်။

၆။ စားနေကျမဟုတ်တဲ့ အစားအစာတွေကို စားကြည့်ပါ။

စားသောက်ဆိုင်သွားတဲ့အခါ စားနေကျအရာတွေကို မစားဘဲ အသစ်အဆန်းဖြစ်စေမယ့်အရာတွေကို မြည်းစမ်းကြည့်ပါ။ အစားအစာအသစ်ရဲ့ အနံ့၊အရသာအသစ်ကို ဦးနှောက်က သိရှိသွားပါတယ်။

၇။ စာကို အသံထွက်ဖတ်ပါ။

စာကို အသံထွက်ဖတ်တာက အမြဲတမ်းတော့ အဆင်မပြေပါဘူး။ ဒါပေမယ့် တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ စာကို အသံထွက်ဖတ်ကြည့်ပါ။ စာကို အသံထွက်ဖတ်တာက ဦးနှောက်ရဲ့ များစွာသော ပတ်လမ်းတွေကို တစ်ပြိုင်တည်းအသုံးပြုရပါတယ်။

၈။ မှတ်ဉာဏ်ကူစာလုံး

စာတစ်ခုခုကို မှတ်သားတဲ့အခါ ရှေ့ဆုံးစာလုံးတွေကို မှတ်သားပြီး ကျက်မှတ်တာက အချိန်ကြာကြာမှတ်မိနေစေပါတယ်။ ဥပမာအားဖြင့် ဂြိုဟ်ကြီးကိုးလုံးကို အစဉ်လိုက်မှတ်သားချင်တဲ့အခါ အစစာလုံးတွေကို အသုံးပြုနေကျ စာလုံးတွေနဲ့တွဲပြီး မှတ်သားတာမျိုးပါ။ ဒီနည်းက အသက်ကြီးတဲ့သူတွေအတွက်ပါ အရမ်းကို အသုံးဝင်ပြီး မှတ်ဉာဏ်ကိုလည်း တိုးတက်စေပါတယ်။

၉။ မှတ်ဉာဏ်ကို တိုးတက်စေတဲ့အစားအစာများ

မှတ်ဉာဏ်ကောင်းဖို့ဆိုရင် အိပ်ရေးဝဖို့လည်း လိုအပ်ပါတယ်။ အစေ့အဆံ၊ အုန်းဆီ၊ နနွင်း၊ ဘလူးဘယ်ရီသီး၊ ကြက်ဥ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ထောပတ်သီးတို့က မှတ်ဉာဏ်ကို တိုးတက်စေတဲ့ အစားအစာတွေပါ။

၁၀။ အပေါင်းအသင်းများနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။

တစ်ယောက်တည်း ထိုင်းမှိုင်းမနေဘဲ အပြင်ထွက်ပြီး အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စရာတွေ အတူပြုလုပ်တာ၊ ရယ်မောတာတွေက အတွေးသစ်၊ အမြင်သစ်တွေကို ရရှိစေပါတယ်။ လူများများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ဦးနှောက်က အချက်အလက်အသစ်တွေကို အများကြီး စုဆောင်းရပါတယ်။

Bonus

ခရီးထွက်တာ၊ အပင်စိုက်တာ၊ သိမှတ်စရာတွေကို စာအုပ်ထဲမှာ ချရေးထားတာ၊ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်တာတွေက အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေပြီး မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments