သည်းခံပါ အမောက်လည်းထောင်ပါ

ရှေးအခါက ရွာတရွာမှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက်ကြီး တကောင်သည် ရွာ၏ အနီးလယ်ပြင်မှာ ရှိနေခဲ့သည်။ အဲဒီမြွေဟောက်ကြီးဟာ ရွာအပြင် လယ်ကွင်းထဲ ထွက်လာသူ အားလုံးကို လိုက်၍ ကိုက်သတ်နေ သောကြောင့် ရွာသားများဟာ ရွာအပြင် လယ်ကွင်းထဲကို မည်သူမျှ မသွားရဲကြပေ။

ထိုနောက် ရသေ့ကြီး တပါးသည် ရွာထဲသို့ ဆွမ်းခံ ကြွလာသောအခါ ရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီး အကြောင်း လျှောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီးကို မေတ္တာ ပို့သ၍ ခန္တီတရား လက်ကိုင်းထားကာ မြွေဟောက်ကြီး ရှိရာ ရွာအပြင် လယ်ကွင်းထဲသို့ သွားလေ၏။

မြွေဟောက်ကြီးသည် ရသေ့ကြီး လယ်ကွင်းထဲ ထွက်လာသည်ကို မြင်တယ် ဆိုရင်ပဲ အမောက်ထောင်ကာ ရသေ့ကြီး ရှိရာသို့ ပြေးကာ ကိုက်လေ၏။

ရသေ့ကြီးသည် မြွေဟောက်ကြီး မည်မျှ ကိုက်နေပါမူ ဘာမျှမဖြစ် အပြုံးမပျက်ပဲ သည်းခံတော် မူ၍ မေတ္တာကိုသာ ကြိမ်ဖန်များစွာ ပွားများနေ လေသည်။ ထိုအခါ မြွေဟောက်ကြီးသည် ထိတ်လန့်၍ မေးလေသည်။

"အရှင်ရသေ့ ကျွန်ုပ်၏ အဆိပ်ဟာ အင်မတန် ပြင်းသည်။ ကျွန်ုပ် ကိုက်၍ ကွမ်းတယာ ညက်မျှ ကြာလျှင် လူသားတွေဟာ သေကုန်ပါတယ်။ သို့သော် အရှင်ရသေ့က အဘယ်ကြောင့် မသေပါသနည်း"

ထိုသို့ မေးသောအခါ ရသေ့ကြီးက "အသင်မြွေဟောက်၊ မေတ္တာထား၍ သည်းခံခြင်း ကြောင့်သာ သင့်အဆိပ်ကို ကျွန်ုပ် အောင်နိုင်ခြင်း ဖြစ်တယ်။

ဒါကြောင့် သင်သည်လည်း လူသားတွေကို ဒေါသ အဆိပ်ဖြင့် အနိုင်ယူ ခြင်းထက် မေတ္တာထား၍ သည်းခံခြင်းဟာ အရာအားလုံးကို အောင်မြင်နိုင် ပါတယ်။

သင်သည်လည်း ယနေ့က စ၍ လူသားတွေကို မကိုက်သတ်ပါနဲ့။ မေတ္တာထား၍ သည်းခံပေးပါ" လို့ ဆုံးမတော် မူလေသည်။ ထိုအခါ မြွေဟောက်ကြီးလည်း သဘောကျ နှစ်သက်၍ ကတိသစ္စာ ပေးလိုက်၏။

မြွေဟောက်ကြီး မကိုက်တော့မှန်း သိလေသောအခါ ရွာသားများသည် မြွေဟောက်ကြီး အပေါ်ကနေ ကျော်ခွ သွားလေ၏။ မြွေဟောက်ကြီးက မော့ကြည့်ကာ "အော် မေတ္တာထား သည်းခံရမယ်လေ" ဆိုကာ သည်းခံ၍သာ နေလေ၏။

ထို့နောက် ရွာသားများဟာ မြွေဟောက်ကြီးကို နင်း၍ သွားကြ၏။ ထိုအခါ မှာလည်း မော့ကြည့်ကာ "အော် မေတ္တာထား သည်းခံရမယ်လေ" ဆိုကာ သည်းခံ၍သာ နေလေ၏။

အချိန် ကြာလာသည်နှင့် အမျှ ရွာသားများဟာ မြွေဟောက်ကြီးကို ပျက်ရယ်ပြုက ကလေးတွေက အစ ခွေခေါက် ကစားလာကြသည်။ ထိုအခါ တွင်လည်း "အော် မေတ္တာထား သည်းခံရမယ်လေ" ဆိုကာ သည်းခံ၍သာ နေလေ၏။ အဲဒါနဲ့ ရွာသားများဟာ မကိုက်မှန်း သိလေတော့ ပို၍ တိုး၍ မြွေဟောက်ကြီးကို ညှဉ်းဆဲလာ ကြသည်။

အခြေအနေက ဘယ်အထိ ရောက်လာသလဲ ဆိုရင် အမြီးကိုင် ဝှေ့ယမ်း ကစားကြ လေသည်။ ဒီတော့ မဖြစ်လေဘူး ဒီအတိုင်းဆို ငါ သေလိမ့်မည် အရှင်ရသေ့ထံ သွားမေးလျှောက်အုံး မှပဲ လို့ ကြံကာ ထွက်လာခဲ့၏။

ရသေ့ကြီးထံ ရောက်တဲ့အခါ အရှင်ရသေ့ ပြောတော့ သီးခံခြင်း မေတ္တာထားခြင်းဟာ အရာရာ အောင်မြင်နိုင်တယ်ဆို ခုတော့ သေရတော့မယ့် အခြေအနေ ရောက်လာပါပြီ ဘုရား။

အဲဒီလို လျှောက်တော့ ရသေ့ကြီးက ရယ်လေ၏။ ထိုအခါ မြွေဟောက်ကြီးက "အရှင်ရသေ့ အဘယ်ကြောင့် ရယ်ရပါသလဲ" "အော် မေတ္တာထား သည်းခံရမည် ဆိုတာ လူတွေကို အန္တရာယ်မပေး မကိုက်သတ်ဘဲ နေရမယ်လို့ ပြောတာပါ။

ဒါပေမဲ့ မင်းက အမောက်ကလေးတော့ ထောင်အုံးမှပေါ့။ သို့မဟုတ် ပါက မထီလေးစား ပျက်ရယ်ပြုတာ ခံရနိုင်တာပေါ့။ ဒါကြောင့် အမောက်လေးတော့ ထောင်ပြလိုက်ပါ" လို့ မှာ၍ ပြန်လွှတ်လိုက်လေ၏။

သို့မှသာ မြွေဟောက်ကြီးသည် ရွာသားများ သူ့အနား လာသည်နှင့် အမောက် ထောင်ပြလိုက်ရာ ရွာသားတို့ သည်လည်း အနားမကပ်ရဲ တော့ဘဲ အဝေးမှ ကွေကွင်း သွားလေသည်။ သည်းခံတယ် ဆိုပေမယ့် ကိုယ့်မညံ့ဘူး၊ အစွမ်းအဆ ရှိတယ် ဆိုတာတော့ ပြသပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့။

Post a Comment

0 Comments