အဘကလည်း မြင်းတကောင် ပေးလိုက်တယ်

တခါက ရွာလေးတရွာမှာ လင်မယား နှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတယောက် ရတယ်။ သမီးလေးဟာ ငယ်ငယ်လေး ကတည်းက ချူချာလှတယ်။ မိခင် ဖခင်တို့ဟာ သမီးလေးကို အရိပ် တကြည့်ကြည့်နဲ့ ပေါ့။

သမီးလေး အတွက် ကြိုးစား လုပ်ကိုင်ရင်း သူတို့ဟာ စီးပွား တက်လာသတဲ့။ ဒါကြောင့် သမီးလေးကို ဖူးဖူးမှုတ် ထားကြတာပေါ့။

ပိုသမျှ ငွေတွေကိုလည်း ရွှေတွေဝယ်ပြီး သမီးအတွက် လက်ဝတ်ရတနာ လုပ်ထားပေးတာ တဆင်စာတောင် ပြည့်သွားတာပေါ့။ တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေ တတ်နိုင်ကြတာကိုး။

ဒါပေမယ့်လည်း သူတို့ အရိပ် တကြည့်ကြည့်နဲ့ ချစ်နေရတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့။ အဖေကြီးဟာ လည်း ဝမ်းနည်းသလို၊ အမေကြီးဟာလည်း ဖြေမဆည်နိုင် ဘူးတဲ့။

"သြော်သမီးလေး၊ လက်ဝတ်ရတနာတွေ ကိုသော်မှ ဝတ်မသွားရပါ ကကော" ဆိုပြီးငိုတာပေါ့။ ရက်တွေ အတော် ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး။ နေ့စဉ် ငိုကြွေးနေတာ ပဲတဲ့။ ဒါကို ကြားသိတဲ့ အကြံသမား တယောက်ဟာ အခြေအနေကို အကဲခတ်နေ တာပေါ့။

တရက်မှာ အကြံသမားဟာ အဘိုးကြီး အပြင် သွားနေတုန်း အမယ်ကြီးထံကို လာသတဲ့။ သူဟာ ရိုးရိုးမလာဘူး၊ ဇာတ်ထဲက နတ်ဝတ် တန်ဆာတွေ ငှားဝတ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲ ဝင်ခဲ့ပါသတဲ့။

အိမ်ထဲ ရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို "ဟယ် သင်လူသား၊ သင်၏ သမီး အမှာစကား ရှိခဲ့တာကြောင့် ငါရောက်လာရတယ်" လို့ ဇာတ်သံနဲ့ ပြောတာပေါ့။

ဒီတော့ အမယ်ကြီးက "ဘာများ မှာလိုက်လဲ အရှင်နတ်မင်း"

"တခြားတော့ မဟုတ်ပါဘူး သင်၏ ချစ်သမီးလေးဟာ နတ်ပြည်နတ်ရွာ ခြောက်ထပ်မှာ ကောင်းမွန်စွာ နေထိုင်နေကြောင်းပါ။ သို့သော် သူ့မှာ လက်ဝတ်ရတနာ ရွှေငွေတွေ မပါခဲ့တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်"

ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေး အတွက် ရည်ရွယ် လုပ်ကိုင်ထားတဲ့ လက်ဝတ်လက်စား အစုံလိုက်ကို ပေးလိုက် လေသတဲ့။ အကြံသမားဟာ ပစ္စည်း ရရခြင်း ရွာတောင်ဘက်ကို ထွက်ပြေးသွား လေသတဲ့။

အတော်လေး ကြာတော့ အဘိုးကြီး ပြန်ရောက်လာတယ်။ ဒီအခါ အမယ်ကြီးက

"သတင်းကောင်း ပြောရဦးမယ် တော်ရေ။ ကျုပ်တို့ သမီးလေးက နတ်ပြည် ရောက်နေတယ်"

"ဟင်ဘယ်လိုလုပ် သိလဲ ရှင်မရယ်"

"စောစောကပဲ နတ်သားတပါး လာပြောသွားတယ်။ ကျုပ်တောင်မှ သမီး မှာလိုက်တဲ့ လက်ဝတ်လက်စားတွေ ထည့်ပေးလိုက် သေးတယ်"

ဒါကိုကြားတော့ အဘိုးကြီးက အလိမ်မိပြီ ဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့။ ဒါပေမယ့် အမယ်ကြီး စိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ "ဘယ်ဘက်ကို သွားသလဲ" လို့သာ မေးတယ်။

"တောင်ဘက်ကို" လို့ အဘွားကြီးက ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်း စီးကာ လိုက်သွားလေတယ်။

ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်ဝတ်နတ်စားနဲ့ လူတယောက်ကို လှမ်းတွေ့တာပေါ့။ အဲဒီလူက နောက်က မြင်းနဲ့ လိုက်လာတဲ့ အဘိုးကြီးကိုလည်း တွေ့ရော ပြေးတော့တာပဲ တဲ့။

အဘိုးကြီးကလိုက် သူက ပြေးပေါ့လေ။ ဒါပေမယ့် မြင်းက လူထက် မြန်တော့ မလွတ်နိုင်မှန်း သိပြီး ချုံတောထဲ ဝင်ပြေးပြီး ပုန်းနေလိုက်သတဲ့။

အဘိုးကြီးဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့။ ဒီအခါ ပုန်းနေသူက ချုံတဖက်က ထွက်လာပြိး အဖိုးအိုရဲ့ မြင်းကို စီးကာ ထွက်ပြေးသွား လေသတဲ့။

မြင်းနဲ့ ပြေးသွားတဲ့ လူလိမ်ကို မမီနိုင်တော့တဲ့ အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့။ "သမီးကို ပြောလိုက်ပါ။ သမီးအတွက် အဘလည်း မြင်းတကောင် ပေးလိုက်ပါတယ်လို့"

မိမိရဲ့ အားနည်းချက်ကို တဖက်သား သိအောင် မလုပ်ပါနဲ့။ ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ် ပါတယ်။ သဘာဝကို မလွန်စေနဲ့။ သဘာဝလွန် ဆိုတာ တကယ်တော့ မရှိပါဘူး။ အလိမ်ခံရတတ် ပါတယ်။ phoomyatchal

Post a Comment

0 Comments