နွားနို့မသောက်သူတွေအတွက် သက်သတ်လွတ်နို့ပြုလုပ်နည်း (၇) မျိုး

နွားနို့က ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။ ဒါပေမယ့် သင်က သက်သတ်လွတ်စားသူတစ်ယောက်ဖြစ်တဲ့အခါ သို့မဟုတ် နွားနို့နဲ့ ဓာတ်မတည့်တဲ့အခါ၊ နွားနို့နေရာမှာ နို့တစ်မျိုး အစားထိုးသောက်သုံးလိုတဲ့အခါ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ဆန်နို့

လိုအပ်သောပစ္စည်းများ

- ချက်ထားတဲ့ထမင်းခွက်တစ်ဝက်

- ရေနှစ်ခွက်

- စွန်ပလွံသီး ၄ လုံး

ထမင်းနဲ့ ရေကို ကြိတ်စက်ထဲမှာ ရောမွှေပြီး ကြိတ်လိုက်ပါ။ အဲဒီနောက် ပိတ်ပါးလေးနဲ့ စစ်လိုက်ပါ။ တစ်ဖန် ကြိတ်စက်ထဲကို ဆန်နို့ရည်နဲ့ စွံပလွံသီးကို ရောပြီး ထပ်မံကြိတ်ပါ။ အဲဒီနောက် ဆန်နို့ရည်ကို ဘူးထဲမှာ ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရင် ၄ ရက်အထိ အထားခံပါတယ်။

၂။ ကနေရီစေ့နို့

လိုအပ်သောပစ္စည်းများ

- ကနေရီစေ့ ၂ ခွက်ခွဲ

- ရေတစ်လီတာ

ကနေရီစေ့ထဲကို ရေ ၂ ခွက်ထည့်ပြီး တစ်ညခန့်စိမ်ထားပါ။ မနက်ရောက်တဲ့အခါ ကနေရီစေ့တွေကို စစ်ထုတ်ပြီး ရေတစ်လီတာနဲ့ ရောကြိတ်ပါ။ အဲဒီနောက် ရလာတဲ့အရည်တွေကို စကာနဲ့ စစ်ထုတ်ပါ။ ကနေရီစေ့နို့ကို ဖန်ပုလင်းထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။ ကနေရီစေ့နို့ကို ၄ ရက်အတွင်း ကုန်အောင် သောက်သင့်ပါတယ်။

၃။ ပဲနို့

လိုအပ်သောပစ္စည်းများ

- ပြုတ်ပြီး အခွံခွာထားတဲ့ ပဲပုပ်ပဲ တစ်ခွက်

- ရေတစ်လီတာ

ရေတစ်လီတာနဲ့ ပဲပုပ်ပဲတစ်ခွက်ကို ကြိတ်စက်ထဲမှာ ရောကြိတ်ပါ။ ကြိတ်ပြီးနောက် အဖတ်လေးတွေ ပါမလာအောင် စကာလေးနဲ့ စစ်ပါ။ ပုလင်းတစ်လုံးထဲမှာ ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၃ ရက်ကြာ အထားခံပါတယ်။

၄။ အုန်းနို့

လိုအပ်သောပစ္စည်းများ

- ခြစ်ထားတဲ့အုန်းသီးဖတ် ၂ ခွက်

- ရေနွေးတစ်လီတာ

အုန်းသီးဖတ်လေးတွေနဲ့ ရေနွေးတစ်လီတာကို ကြိတ်စက်ထဲမှာ ခပ်ကြာကြာ ကြိတ်ပါ။ ၁၅ မိနစ်လောက် အအေးခံထားပြီးနောက် စကာနဲ့ စစ်လိုက်ပါ။ အုန်းနို့ကို ဘူးတစ်ခုထဲမှာ ပြောင်းထည့်ထားပြီး အအေးခံထားရင် ၇ ရက်ကြာ အထားခံပါတယ်။

၅။ ဟေဇယ်နို့

လိုအပ်သောပစ္စည်းများ

- အခွံချွတ်ထားတဲ့ ဟေဇယ်သီးနှစ်ခွက်

- ရေတစ်လီတာ

- ဗီနီလာ လက်ဖက်ရည်ဇွန်းရဲ့လေးပုံပုံတစ်ပုံ

ဟေဇယ်သီးတွေကို တစ်ညကြာ ရေစိမ်ထားပါ။ မနက်ရောက်တဲ့အခါမှာတော့ ဟေဇယ်သီး၊ ရေတစ်လီတာ၊ ဗီနီလာတို့ကို ကြိတ်စက်ထဲမှာ ရောကြိတ်ပါ။ အဖတ်လေးတွေ မပါလာအောင် ဇကာနဲ့ စစ်ထုတ်ပါ။ ဟေဇယ်နို့ကို အဖုံးသေချာဖုံးပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၃ ရက်ကြာ ထားလို့ရပါတယ်။

၆။ သစ်ကြားသီးနို့

လိုအပ်သောပစ္စည်းများ

- သစ်ကြားသီးတစ်ခွက်

- ရေတစ်လီတာ

သစ်ကြားသီးတွေကို အနည်းဆုံး ၈ နာရီခန့် ရေစိမ်ထားပါ။ ရေသေချာဆေးပြီးနောက် ကြိတ်စက်ထဲမှာ ရေထည့်ပြီး ကြိတ်ပါ။ အချိန်ကြာကြာကြိတ်ပြီးနောက် အဖတ်တွေ ပါမလာအောင်စကာနဲ့ စစ်ပါ။ ပုလင်းထဲမှာ ပြောင်းထည့်ပြီး သိမ်းရင် ၃ ရက်ကြာ သိမ်းထားလို့ရပါတယ်။

၇။ ခင်းဝါနို့

- ချက်ထားတဲ့ခင်းဝါတစ်ခွက်

- ရေ၃ခွက်

- စွန်ပလွံသီး ၄လုံး

- သစ်ကြံပိုးခေါက်တစ်ခု

ခင်းဝါနဲ့ ရေကို ကြိတ်စက်ထဲမှာ ကျေသွားအောင် ကြိတ်လိုက်ပါ။ အဲဒီနောက် ဇကာလေးနဲ့ စစ်ပါ။ ရလာတဲ့အရည်ထဲကို စွန်ပလွံသီးနဲ့ သစ်ကြံပိုးခေါက်ထည့်ပြီး နောက်တစ်ကြိမ်ထပ်ကြိတ်ပါ။ အဲဒီနောက် ဘူးတစ်ခုထဲပြောင်းထဲပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၄ ရက်အထိ အထားခံပါတယ်။ ခင်းဝါနို့က ကိုယ်အလေးချိန်ကျဖို့လည်း ကူညီပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments