ခရီးထွက်တာက ပျော်စရာကောင်းပြီး အတွေ့အကြုံအသစ်တွေကို ရရှိစေပါတယ်။ ဒါပေမယ့် ငွေအကုန်အကျလည်း များပါတယ်။ အဲဒါကြောင့် ခရီးထွက်တဲ့အခါ ငွေကုန်သက်သာအောင် ချွေတာနိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ပြောပြပေးလိုက်ပါတယ်နော်။
၁။ ခရီးသွားလာမှုနည်းတဲ့ကာလမှာ သွားပါ။
ခရီးသွားလာမှုနည်းတဲ့ကာလမှာ ခရီးသွားရင် အရာရာသက်သာပါတယ်။ သွားလာစရိတ်လည်း သက်သာသလို နေထိုင်စရိတ်လည်း သက်သာပါတယ်။ ခရီးသွားလာမှုများတဲ့အချိန်မှာ သွားရင် ပုံမှန်အချိန်ထက် အများကြီးကုန်ကျနိုင်ပါတယ်။
၂။ မနက်စာပါဝင်တဲ့ ဟိုတယ်ကို ရွေးပါ။
ဟိုတယ်မှာ တည်းဖို့ စိတ်ကူးထားရင် မနက်စာပါဝင်တဲ့ဟိုတယ်ကို ရွေးချယ်သင့်ပါတယ်။ အဲဒီအခါ တစ်နေ့တာ ကုန်ကျစရိတ်လည်း အနည်းငယ်သက်သာသွားမှာပါ။ နေ့လယ်မှာ စားဖို့ အသီးတွေလည်း ထည့်ယူလာလို့ရပါသေးတယ်။
၃။ မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ တည်းခိုပါ။
တည်းခိုခအတွက် ငွေကြေးမလုံလောက်တဲ့အခါ အသိမိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ အကူအညီတောင်းပြီး တည်းခိုပါ။ ဒါပေမယ့် သင်သွားမယ့်နေရာ၊ တည်းခိုမယ့်အိမ်အကြောင်းကို စုံစမ်းပြီးမှသာ သွားသင့်ပါတယ်။
၄။ ညဘက်သွားမယ့် ခရီးစဉ်ကို ရွေးချယ်ပါ။
အချို့နိုင်ငံတွေမှာ ညဘက်ထွက်တဲ့ ကားတွေ၊ ရထားတွေက လက်မှတ်ခ သက်သာနေတတ်ပါတယ်။ အဲဒါကြောင့် သွားမယ့်နေရာပေါ်မူတည်ပြီး ညဘက်ကို ရွေးချယ်နိုင်ပါတယ်။
၅။ ဒေသထွက်အစားအစာတွေကို စားပါ။
ခရီးသွားတဲ့အခါ စားသောက်ဆိုင်ကြီးတွေမှာ စားတာထက် ဒေသထွက်အစားအစာတွေကို မြည်းစမ်းကြည့်ပါ။ ဒေသထွက်အစားအစာတွေက ဈေးသက်သာတဲ့အပြင် ပျော်ရွှင်စရာအတွေ့အကြုံတွေကိုလည်း ရစေမှာပါ။
၆။ လမ်းလျှောက်ရင်း လည်ပတ်ပါ။
တက္ကစီငှားတာကို တတ်နိုင်သလောက် လျှော့ပြီး လမ်းလျှောက်သွားပါ။ လမ်းလျှောက်ပြီး လည်ပတ်တာက ခရီးသွားရတဲ့အရသာကို အပြည့်အဝရရှိစေပါတယ်။ ငွေကုန်လည်း သက်သာစေပါတယ်။
၇။ အခမဲ့ဝင်လို့ရတဲ့နေရာတွေကို သွားပါ။
ခရီးသွားတွေကို ဆွဲဆောင်တဲ့အချို့နေရာတွေမှာ ဝင်ကြေးပေးပြီးမှ လေ့လာလို့ရတဲ့ရက်တွေရှိသလို အခမဲ့ဝင်လေ့လာလို့ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ဒါမှမဟုတ် အထူးနေ့ရက်တွေမှာ ဝင်ကြေးကို လျှော့ပေးတတ်တာလည်း ရှိပါတယ်။
ဒီနည်းလမ်းလေးတွေနဲ့ဆိုရင်တော့ ခရီးသွားတဲ့အခါ ငွေကုန်သက်သာပြီး ပျော်ရွှင်စရာအတွေ့အကြုံတွေလည်း ရရှိနိုင်မှာပါ။
Zombie (lovemedia)
0 Comments