ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးနိုင်မယ့်အချက် (၆) ချက်

ကလေးတွေကို သင်ကြားပေးတဲ့ တန်ဖိုးရှိသင်ခန်းစာတွေ အများကြီးထဲကမှ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်ကြားပေးတဲ့ သင်ခန်းစာကလည်း တစ်ခုအပါအဝင်ပါပဲ။

ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်ကြားပေးမယ်ဆိုရင် အနာဂတ်မှာ အများကြီးစိတ်ချရပြီး အကျိုးရှိစေမှာပါ။

၁။ အိမ်ပြန်တဲ့အခါ ကလေးတွေကို လမ်းပြဖို့အခွင့်အရေးပေးပါ။

အိမ်ပြန်တဲ့အခါ သို့မဟုတ် ကားဆီကို သွားတဲ့အခါ မိဘက ဦးဆောင်မခေါ်သွားဘဲ ကလေးကို လမ်းပြခိုင်းပါ။ အဲဒီအခါ ကလေးက လမ်းတွေကို မှတ်တတ်သွားပြီး မှတ်ဉာဏ်လည်း တိုးတက်လာစေပါတယ်။

ဈေးဝယ်သွားတဲ့အခါ၊ အလည်သွားတဲ့အခါ၊ လမ်းလျှောက်ထွက်တဲ့အခါတွေမှာလည်း ကလေးကို ဦးဆောင်ပြီး သွားဖို့ အခွင့်အရေးပေးပါ။

၂။ အိမ်လိပ်စာနဲ့ နာမည်အပြည့်အစုံကို ပြောပြထားပါ။

အချို့ကလေးတွေက သူတို့ရဲ့အိမ်နာမည်ကိုသာ သိပြီး နာမည်အရင်းကို မပြောပြတတ်ပါဘူး။ အဲဒါကြောင့် ကလေးရဲ့နာမည်အရင်း၊ မိဘနာမည်၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ကလေးသိစေဖို့အတွက် ပြောပြထားပေးသင့်ပါတယ်။

ဒီလိုမျိုးသိထားခြင်းက ကလေးအတွက် အများကြီးအထောက်အကူဖြစ်စေပြီး ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလည်း တိုးပွားစေပါတယ်။

၃။ အိမ်မှုကိစ္စတွေကို တာဝန်ပေးပါ။

ကလေးအရွယ်က ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်အောင်၊ အခြားသူတွေကို ကူညီတတ်အောင် သင်ကြားပေးဖို့ အကောင်းဆုံးအရွယ်ပါပဲ။ ကလေးတွေ အိမ်မှုကိစ္စလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် သူတို့လက်လှမ်းမီတဲ့နေရာကနေ စတင်လေ့ကျင့်ပေးလို့ရပါတယ်။

ပန်းကန်ဆေးတဲ့နေရာမြင့်နေရင် နိမ့်တဲ့နေရာမှာ ပန်းကန်ဆေးလို့ရအောင် ဖန်တီးပေးတာ၊ အိမ်သန့်ရှင်းရေး အတူတူလုပ်တာ၊ အဝတ်တွေကို သိမ်းတာ စတဲ့အရာတွေကနေ စတင်သင်ကြားပေးနိုင်ပါတယ်။

၄။ အလုပ်တွေလုပ်ဖို့အတွက် ခဏခဏ သတိမပေးသင့်ပါဘူး။

ကလေးတွေကို အိမ်အလုပ်လုပ်ဖို့အတွက် ခဏခဏ သတိပေးနေရင် မိဘတွေပြောမှသာ လုပ်ဖြစ်ပါတော့တယ်။ "ပန်းကန်တွေ ဆေးဖို့ မမေ့နဲ့နော်" လို့ ခဏခဏပြောနေရင် ကလေးတွေက သတိပေးမှသာ လုပ်တဲ့အကျင့် ပါသွားပါတော့တယ်။

အဲဒါကြောင့် ခဏခဏသတိမပေးဘဲ အသိစိတ်နဲ့ကိုယ်တိုင်လုပ်အောင် လေ့ကျင့်ပေးတဲ့အခါ ကိုယ့်အားကိုယ်ကိုးတဲ့အကျင့် ရရှိသွားမှာပါ။

၅။ ရွေးချယ်ခွင့်ပေးပါ။

ကလေးတွေကို သူတို့ကြိုက်တဲ့မုန့်တွေ၊ ဝတ်မယ့်အဝတ်အစားတွေ၊ အရောင်တွေကို ရွေးတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်အောင် သင်ကြားပေးနိုင်ပါတယ်။ လူကြီးမိဘတွေက နေရာတကာမရွေးဘဲ သူတို့စိတ်ကြိုက်ရွေးချယ်ဆုံးဖြတ်တာက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးမှုတွေ တိုးလာစေပါတယ်။

ဒါ့အပြင် သူတို့ရဲ့မုန့်ဖိုးတွေအကြောင်း၊ ငွေစုတဲ့အကြောင်းတွေ ရှင်းပြပေးတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ အထောက်အကူဖြစ်စေမှာပါ။

၆။ အခြားသူကို အားကိုးစရာမလိုတဲ့ကစားနည်းများ

ကလေးတွေကို ကိုယ့်အားကိုယ်နိုင်မယ့်ကစားနည်းတွေကို အသက် ၁နှစ်အရွယ်ကနေစပြီး ကစားခိုင်းလို့ရနေပါပြီ။ အသက် ၄ နှစ်အရွယ်ခန့်ရောက်တဲ့အခါ အစောကြီးနိုးနေရင် အခြားသူတွေ မထခင် တစ်ယောက်တည်းဆော့နေလို့ရမယ့် ကစားနည်းတွေကို သင်ပေးနိုင်ပါပြီ။

တစ်ယောက်တည်းဆော့ရတဲ့ကစားနည်းတွေက ကလေးတွေကို စိတ်တည်ငြိမ်စေပြီး စိတ်ရှည်စေဖို့သင်ကြားပြီးသားလည်း ဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments