တစ်နေ့တာမှာ အားအင်ပြည့်နေဖို့အတွက် မနက်စာကို မဖြစ်မနေ စားသင့်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ မနက်စာကို မစားဖြစ်တာ၊ အမြဲတမ်းလိုလို မနက်စာ မစားဖြစ်တာက ကျန်းမာရေးကို ထိခိုက်စေမှာပါ။ မနက်စာမစားတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကိုယ်အလေးချိန်တက်လာခြင်း
မနက်စာမစားရင် ကိုယ်အလေးချိန်ပိုကျမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မနက်စာမစားတာက ကိုယ်အလေးချိန်တက်စေရုံမက အဝလွန်တာကိုပါ ဖြစ်ပေါ်စေပါတယ်။ မနက်စာမစားဖြစ်တဲ့အခါ နေ့လယ်စာကို အများကြီး စားမိသွားတတ်ကြပါတယ်။
၂။ ဝမ်းနည်းလွယ်လာခြင်း
မနက်စာမစားတာက စိတ်ခံစားချက်တွေကို ကမောက်ကမ ဖြစ်စေပါတယ်။ မနက်စာမစားသူတွေက စိတ်ဓာတ်ကျတာ၊ မကြာခဏ ဝမ်းနည်းတာကို ခံစားရလေ့ရှိပါတယ်။ မနက်စာမစားဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ်က ကျသွားပြီး စိတ်ခံစားချက်တွေလည်း အပြောင်းအလဲ ဖြစ်သွားစေပါတယ်။
၃။ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအတွင်း ပင်ပန်းနွမ်းနယ်ခြင်း
တစ်နေ့တာလုံး အားပြည့်နေဖို့ မနက်စာက အရေးအကြီးဆုံးပါ။ မနက်စာမစားဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ စွမ်းအင်တွေက ပိုလိုအပ်လာပါတယ်။ အဲဒါကြောင့် နေ့လယ်ကနေ ညနေပိုင်းလောက်အထိ ပင်ပန်းနွမ်းနယ်တာ၊ အားကုန်တာ၊ ရင်တုန်တာကို ခံစားရနိုင်ပါတယ်။
၄။ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို ကျဆင်းစေခြင်း
မနက်စာမစားတဲ့အခါ စိတ်လန်းဆန်းတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ မနက်စာ မစားတာက ရေတိုမှတ်ဉာဏ်ကို ထိခိုက်စေပြီး ဦးနှောက်ရဲ့အလုပ်တွေကို ထိခိုက်စေပါတယ်။
၅။ အစာအိမ်ထဲမှာ အက်စစ်တွေ များလာခြင်း
မနက်စာမစားဖြစ်ရင် အစာအိမ်ထဲမှာ အက်စစ်တွေများလာပြီး ဗိုက်နာတာ၊ ရင်ပူတာ၊ အစာကို ကောင်းစွာမချေဖျက်နိုင်တာတို့ ကြုံတွေ့ရနိုင်ပါတယ်။
၆။ ခေါင်းကိုက်ခြင်း
အစားကို အချိန်မှန်မစားတာနဲ့ မနက်စာမစားတာက ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။ သွေးတွင်းသကြားဓာတ်တွေ နည်းပါးလာတဲ့အခါမှာ ဒီလိုမျိုး ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတရံအားနည်းပြီး ချွေးစေးတွေလည်း ထွက်တတ်ပါတယ်။
၇။ ကော်တီဇောဟော်မုန်းတိုးလာခြင်း
မနက်စာမစားဖြစ်ရင် ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဇောဟော်မုန်းတွေ တိုးလာစေပါတယ်။ အဲဒါကြောင့် မကြာခဏ စိတ်ရှုပ်ထွေးလာတာ၊ စိတ်ဖိစီးမှုပိုများလာတာတို့ ဖြစ်ပေါ်လာစေပါတယ်။
၈။ နှလုံးရောဂါဖြစ်နိုင်ချေများလာခြင်း
မနက်စာကို အမြဲတမ်းမစားဖြစ်သူ ၂၁ ရာခိုင်နှုန်းခန့်ဟာ နှလုံးရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ အဲဒါကြောင့် မနက်စာကို အချိန်ပေးပြီး စားပေးသင့်ပါတယ်။ ဒါပေမယ့် မနက်စာကို ဒိုးနပ်တစ်ခုလောက် စားတာကလည်း ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေ ရရှိစေမှာမဟုတ်ပါဘူး။
၉။ ခံတွင်းနံ့ဆိုးလာခြင်း
မနက်စာစားလေ့မရှိသူတွေဟာ မနက်စာပုံမှန်စားသူတွေထက် ခံတွင်းနံ့နှစ်ဆ ပိုပြင်းပါတယ်။ မနက်ခင်းပိုင်းမှာ ဘာအစားအစာမှမစားရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေက ပိုပေါက်ပွားလာပါတယ်။
၁၀။ ဓမ္မတာစက်ဝန်းကို ထိခိုက်စေခြင်း
မနက်စာမစားတာနဲ့ ဓမ္မတာစက်ဝန်း ကမောက်မကဖြစ်တာက ဆက်စပ်နေပါတယ်။ ဒါ့အပြင် မနက်စာမစားတဲ့ အမျိုးသမီးတွေဟာ ဓမ္မတာကာလမှာ ကြွက်သားနာကျင်ကိုက်ခဲတာကို ပိုပြီး ခံစားရလေ့ရှိပါတယ်။
Zombie (lovemedia)
0 Comments