ကလေးတွေမှာ စိတ်အတက်အကျအပြောင်းအလဲမြန်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကလေးတွေမှာ စိတ်အခြေအနေက ပုံမှန်နဲ့မတူတာ တစ်ပတ်ကျော်နေပြီဆိုရင်တော့ သတိပြုပြီး ကြည့်ရှုသင့်ပါတယ်။
ကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး လျစ်လျူမရှုထားသင့်တဲ့ လက္ခဏာတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဒေါသထွက်လွယ်လာခြင်း
အကြောင်းရင်းရေရေရာရာမရှိဘဲ ဒေါသထွက်လွယ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်အတက်အကျမြန်တာတွေက ကလေးတွေရဲ့ စိတ်ကျန်းမာရေး အားနည်းမှုနဲ့ သက်ဆိုင်နေတတ်ပါတယ်။ ၂ နှစ်ကျော် ၃ နှစ်အရွယ်မှာ ကလေးတွေက ဂျီကျတတ်ပါတယ်။
ဒါပေမယ့် ကျောင်းစတက်တဲ့အချိန်မှာတော့ ဂျီကျတတ်တဲ့အကျင့်က ပျောက်သွားတတ်ပါတယ်။ အသက် ၄ နှစ်အောက်အရွယ်ကလေးက ၉ ပတ်ထက်ကျော်ပြီး စိတ်ကောက်ဂျီကျတတ်တဲ့အခါမှာတော့ သတိထားပြီး ကြည့်ရှုသင့်ပါတယ်။
၂။ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး မပူပန်ခြင်း
ကလေးက ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ညစ်ညစ်ပတ်ပတ်နေမယ်ဆိုရင်၊ အရင်က သန့်သန့်ရှင်းရှင်းနေတတ်တဲ့ကလေးက ညစ်ပတ်နေရင်တောင် ဂရုမစိုက်သလို ဖြစ်နေရင် ဒါက ပုံမှန်မဟုတ်ပါဘူး။
ကလေးတွေက အမြဲတမ်းတော့ သန့်ရှင်းသပ်ရပ်နေရတာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ပုံမှန်အမူအရာမဟုတ်ဘဲ ရှုပ်ရှုပ်ပွပွနေတယ်ဆိုရင် စိတ်ကျန်းမာရေးကို ဂရုပြုပေးသင့်ပါတယ်။
၃။ သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို ရှောင်ဖယ်လာခြင်း
သင့်ကလေးက ဘယ်သူနဲ့မှ စကားမပြောချင်ဘဲ တစ်ယောက်တည်းနေချင်လာပြီဆိုရင် လျစ်လျူမရှုထားသင့်ပါဘူး။ ကျောင်းမသွားချင်သလိုဖြစ်နေရင်၊ လူတွေနဲ့ ရှောင်ဖယ်ရှောင်ဖယ်ဖြစ်လာရင် ကလေးကို သေချာမေးမြန်းသင့်ပါတယ်။
၄။ ဝါသနာပါတဲ့အရာတွေကို မလုပ်တော့ခြင်း
ကလေးတွေမှာ စိတ်ခံစားချက်တွေအရမ်းများတဲ့အခါ သူတို့သဘောကျတဲ့အရာတွေ၊ ဝါသနာပါတဲ့အရာတွေကိုတောင် စိတ်မဝင်စားတော့ပါဘူး။ ဒါ့အပြင် စားနေကျအစားအစာ၊ အရမ်းကြိုက်တဲ့သောက်စရာတွေကိုတောင် ရုတ်တရက် မစားမသောက်ဘဲ ဖြစ်သွားတတ်ပါတယ်။
၅။ အန္တရာယ်ရှိတဲ့အပြုအမူတွေကို ပြုလုပ်လာခြင်း
အခြားကလေးတွေနဲ့ ရန်ဖြစ်တာ၊ ကျောင်းပျက်တာ၊ မီးကို ကိုင်ကြည့်တာ၊ ခလုပ်ထဲကို လက်ထည့်တာ စတဲ့အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သင့်ကလေးရဲ့ စိတ်အခြေအနေကို ဂရုစိုက်ပေးသင့်ပါပြီ။ အပြုအမူတွေက ပုံမှန်နဲ့မတူဘဲ အန္တရာယ်များတဲ့အပြုအမူတွေ ပြုလုပ်တဲ့အခါ ဆရာဝန်နဲ့ပါ ပြသသင့်ပါတယ်။
၆။ မကြာခဏခေါင်းကိုက်ခြင်း သို့မဟုတ် ဗိုက်နာခြင်း
သင့်ရဲ့ကလေးမှာ ကြောက်ရွံ့မှုတွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ဒဏ်ရာတွေများတဲ့အခါ မကြာခဏ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ အန်တာနဲ့ အခြားခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ နာကျင်မှုတွေ ဖြစ်လာတတ်ပါတယ်။ ကလေးအရွယ်မှာ ခေါင်းကိုက်တတ်တာက စိတ်အခြေအနေနဲ့အများကြီး သက်ဆိုင်ပါတယ်။
၇။ စားတဲ့အပြုအမူနဲ့ အိပ်တဲ့အပြုအမူတွေ ပြောင်းလဲလာခြင်း
ကလေးတွေမှာ စိတ်ပူပန်မှုများတဲ့အခါ စားတဲ့အပြုအမူတွေ၊ အိပ်တဲ့အပြုအမူတွေ ပြောင်းလဲလာပါတယ်။ အချိန်အကြာကြီး အိပ်နေတတ်တာ ဒါမှမဟုတ် မအိပ်တဲ့ညတွေ များလာတာ၊ အစားကို လုံးဝမစားတော့တာ ဒါမှမဟုတ် အများကြီးစားနေတာတွေက လျစ်လျူမရှုထားသင့်တဲ့ အပြုအမူတွေပါပဲ။
Zombie (lovemeida)
0 Comments