ရုပ်ရှင်မင်းသမီးအဖြစ် အောင်မြင်နေတဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသမီး

Jyoti Amge ဆိုတဲ့ အိန္ဒိယနိုင်ငံက အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ အရပ်အပုဆုံးအမျိုးသမီးပါ။ ဒါပေမယ့် သူမဟာ ငယ်စဉ်ကတည်းက အိန္ဒိယနိုင်ငံမှာ ထင်ရှားခဲ့ပြီး အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေပါပြီ။ Jyoti Amge က သူမရဲ့ဘဝကို အားမငယ်ဘဲ ဘဝအတွက် ရည်မှန်းချက်တွေ အများကြီးထားတဲ့သူပါ။

Jyoti ရဲ့ငယ်ဘဝ

၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ၁၆ ရက်မှာ Jyoti ကို အိန္ဒိယနိုင်ငံ၊ Maharashtra မှာ မွေးဖွားခဲ့ပါတယ်။ Jyoti ဟာ မွေးဖွားကာစကတော့ သာမန်ကလေးတွေလို အရွယ်အစားရှိပါတယ်။ ဒါပေမယ့် ငယ်ရွယ်စဉ်အချိန်မှာဘဲ သူမရဲ့ ကြီးထွားမှုက ရုတ်တရက် ရပ်တန့်သွားပါတယ်။

Jyoti က သူမရဲ့အရပ်ကို အခက်အခဲတစ်ခုလို့ ဘယ်တော့မှ မမြင်ခဲ့ပါဘူး။ မိသားစုကလည်း Jyoti ကို အများကြီး ပံ့ပိုးမှုတွေ ပေးကြပါတယ်။ Jyoti ရဲ့အစ်မက ကောလိပ်ကို သွားဖို့ အမြဲတမ်း အကြိုအပို့လုပ်ခဲ့ပါတယ်။

အစ်မရဲ့အကူအညီနဲ့ Jyoti တစ်ယောက် ဘွဲ့ရခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းမှာဆိုရင်တော့ လူတွေက Jyoti အရပ်ပုတာကို အမြဲစနောက်ပြီး ဟာသတစ်ခုလို လှောင်ရယ်ကြပါတယ်။

Jyoti ကြီးထွားမှု ရပ်တန့်သွားတဲ့အကြောင်းအရင်း

ကြီးထွားစေတဲ့ဟော်မုန်းက ချို့တဲ့သွားတာကြောင့် အရပ်က မရှည်နိုင်တော့တာဖြစ်ကြောင်း ဆရာဝန်တွေက ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ achondroplasia ဆိုတဲ့ အခြေအနေတစ်ရပ်ကြောင့် အရပ်က ထပ်ပြီးမရှည်နိုင်တော့ကြောင်း Jyoti တို့ သိရှိခဲ့ကြပါတယ်။

Jyoti က ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ မိန်းကလေးတစ်ဦးပါ။

Jyoti က အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အခါ ကမ္ဘာ့အပုဆုံးမိန်းကလေးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ Jyoti ရဲ့အရပ်ဟာ ၆၁.၉၅ စင်တီမီတာ (၂ပေ) ရှိကြောင်း ဆရာဝန်တွေက တိုင်းတာခဲ့ကြပါတယ်။

အလေးချိန်ကတော့ ၅.၄ ကီလိုဂရမ်ရှိပါတယ်။ အလေးချိန်က မွေးကာစတုန်းက အလေးချိန်ထက် ၄ကီလိုဂရမ်သာ ပိုပါတယ်။ Jyoti အတွက် အသုံးအဆောင်ပစ္စည်းတွေ၊ ပန်းကန်ပြားတွေကအစ အထူးမှာရကြောင်း မိသားစုက ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ Jyoti က ကမ္ဘာ့အရပ်ရှည်ဆုံးလူသား Sultan Kosen နဲ့ တွေ့ဆုံခဲ့ပြီး ဓာတ်ပုံအတူတူရိုက်ခဲ့ပါတယ်။ Sultan Kosen နဲ့တွေ့တော့ Jyoti က နည်းနည်းတော့ လန့်သွားတယ်လို့ ပြောပါတယ်။ အခုတော့ သူတို့နှစ်ဦးက အရမ်းကို ခင်မင်တဲ့ မိတ်ဆွေတွေဖြစ်နေကြပါပြီ။

Jyoti ရဲ့ အောင်မြင်မှု

Jyoti က အိန္ဒိယမှာတင် ရုပ်ရှင်မင်းသမီးအဖြစ် နာမည်ကြီးတာမဟုတ်ပါဘူး။ သူမဟာ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ သံတမန်အဖြစ် ကမ္ဘာပတ်ပြီး လူတွေအများနဲ့ တွေ့ဆုံခဲ့ပါတယ်။ Jyoti ရဲ့ အိပ်မက်တွေကလည်း တဖြည်းဖြည်းနဲ့ သေချာလာခဲ့ပါတယ်။

နိုင်ငံတကာတီဗွီရှိုးပွဲတွေမှာလည်း Jyoti ကို တွေ့နိုင်ပါတယ်။ Jyoti ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးနေသူတွေကို အားပေးနိုင်တဲ့ စံပြအမျိုးသမီးဖြစ်ချင်သူပါ။

"ကျွန်မလို လူတွေအတွက် ဇွဲမလျှော့ဘဲ ဆက်ကြိုးစားရင် ရည်မှန်းချက်တွေက သေချာပေါက်ပြည့်လာမှာပါ" လို့ Jyoti က အားပေးစကားပြောလေ့ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments