ဆားက အိမ်တိုင်းအတွက်၊ လူတိုင်းအတွက် မရှိမဖြစ်အသုံးဝင်ပါတယ်။ ဆားကို ဟင်းချက်ရာကနေအစ အဝတ်အစား သန့်ရှင်းတဲ့အထိ အသုံးပြုနိုင်ပါတယ်။
၁။ စတီးအိုး
စတီးအိုးထဲကို ရေများများထည့်ထားပြီး ဆူပွက်အောင် တည်ပါ။ ရေဆူပွက်လာတာနဲ့ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်လိုက်ပါ။ အဲဒီနောက် မီးဖိုကို ပိတ်လိုက်ပါ။
တစ်နာရီခန့်ထားထားပြီးနောက် ရေတွေ သွန်လိုက်ပါ။ အိုးကို ပုံမှန်အတိုင်း တိုက်ချွတ်ဆေးကြောလို့ရပါပြီ။ အဲဒီအခါ ချွတ်ရခက်တဲ့ ဂျိုးတွေလည်း ပြောင်သွားပါတယ်။
၂။ ကော်ဖီအိုး
ကော်ဖီအိုးထဲမှာ အစွန်းတွေ ကျန်နေရင် ဖယ်ရှားရခက်ပါတယ်။ ကော်ဖီအိုးထဲကို ရေခဲတုံးလေးတွေ ထည့်ပါ။ အဲဒီနောက် ဆားအနည်းငယ်ထပ်ထည့်ပြီး အိုးကို လှုပ်ခါလိုက်ပါ။
ပန်းကန်ဆေးဆပ်ပြာအနည်းငယ်ထပ်ထည့်ပြီး အိုးကို ထပ်မံလှုပ်ခါပါ။ နောက်ဆုံးမှာတော့ ကော်ဖီအိုးမှာ ကပ်နေတဲ့ အစွန်းတွေ ပျောက်သွားပြီး ပုံမှန်အတိုင်း ဆေးကြောလိုက်လို့ရပါပြီ။
၃။ ပန်းကန်ဆေးကန်
မုန့်ဖုတ်ဆိုဒါ၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ဆားတို့ကို ဆတူရောပြီး ပန်းကန်ဆေးကန်ထဲကို လောင်းချပါ။ အဲဒီနောက် ပန်းကန်ဆေးဖော့နဲ့ တိုက်ချွတ်ပေးပါ။ ပြီးနောက်မှာတော့ ရေနဲ့ဆေးချလိုက်ရုံပါပဲ။ ပန်းကန်ဆေးကန်မှာ ကပ်နေတတ်တဲ့ ဆီတွေ၊ ဂျီးတွေ ပြောင်သွားပါတယ်။
၄။ ခွက်ထဲကအစွန်း
ရေနွေးခွက်၊ ကော်ဖီခွက်တွေမှာ အညိုစွန်းတွေ ကပ်နေတတ်ပါတယ်။ ဆားတစ်ဇွန်းနဲ့ ရေအနည်းငယ်ကို ခွက်ထဲ ထည့်ပါ။ အဲဒီနောက် ပန်းကန်ဆေးဖော့နဲ့ ခွက်ကို ပွတ်တိုက်ပေးပါ။
၅။ စတီးဘုံပိုင်ခေါင်းကို သန့်ရှင်းပေးခြင်း
သံပုရာအနည်းငယ်ကို စတီးဘုံပိုင်ခေါင်းမှာ ပွတ်တိုက်ပေးပါ။ အဲဒီနောက် ဆားအနည်းငယ်နဲ့ စတီးဘုံပိုင်ခေါင်းမှာ ထပ်မံပွတ်တိုက်ပါ။ ပန်းကန်ဆေးဖော့ကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်ပြီးနောက် ရေဆေးချလိုက်လို့ရပါပြီ။
၆။ အဝတ်တွေမှာ ပေနေတဲ့ အစွန်းအထင်း
ဇလုံတစ်လုံးထဲမှာ ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေတစ်လီတာကို ရောမွှေပါ။ အစွန်းတွေ ပေနေတဲ့ အဝတ်အစားကို ဆားနဲ့ရေ ရောထားတဲ့ ဇလုံထဲထည့်လိုက်ပါ။ အဲဒီနောက် ၁ နာရီခန့် စိမ်ထားပါ။ ပြီးနောက်မှာတော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လိုက်ရုံပါပဲ။
၇။ မီးပူ
မီးပူကို ကြိုတင်ပြီး အပူပေးထားပါ။ Steam mode ပါတဲ့အခါ ပိတ်ထားပါ။ တဘက်တစ်ထည်ပေါ်မှာ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ဖြူးလိုက်ပါ။ ဆားဖြူးထားတဲ့ တဘက်ပေါ်ကို မီးပူတိုက်လိုက်ပါ။ မီးပူတိုက်ပြီးတဲ့အခါ မီးပိတ်လိုက်ပြီး မီးပူကို သန့်ရှင်းရေးလုပ်ပေးပါ။
၈။ ပလက်စတစ်ခွက်နဲ့ ဖန်ခွက်
ဆားကို အသုံးပြုပြီး ညစ်ပေနေတဲ့ ပလက်စတစ်ခွက်၊ ဖန်ခွက်တို့ကို သန့်ရှင်းရေးလုပ်လို့ရပါတယ်။ ညစ်ပတ်နေတဲ့ ပလက်စတစ်ခွက်၊ ဖန်ခွက်ထဲကို ရေနွေး၊ ရှာလကာရည်နဲ့ ဆားအနည်းငယ် ထည့်ထားပါ။ ဘူးအဖုံးကို ပိတ်ပြီး လှုပ်ခါပေးပါ။ အဲဒီနောက် ပုံမှန်အတိုင်း ဆေးကြောလိုက်လို့ရပါပြီ။
Zombie (lovemedia)
0 Comments