အင်္ကျီမှာ မင်ရည်တွေ စွန်းနေတဲ့အခါ ဖယ်ရှားဖို့ ခက်ခဲပါတယ်။ ပုံမှန်လျှော်နေကျအတိုင်း လျှော်လိုက်ရင် မပြောင်ဘဲ ပိုဆိုးသွားတတ်ပါတယ်။ မင်စွန်းနေတဲ့အဝတ်အစားတွေကို ရေနွေးနဲ့ လျှော်လိုက်ရင် မင်တွေက ချည်သားထဲ ပိုစိမ့်ဝင်သွားပြီး ပိုပြီးတော့ လျှော်ရခက်သွားပါတယ်။
အဲဒါကြောင့် အဝတ်အစားတွေမှာ မင်တွေ စွန်းနေရင် လွယ်လွယ်ကူကူဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
- အမိုးနီးယား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပါဝင်ပစ္စည်းတွေကို နှံ့သွားတဲ့အထိ ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို မင်စွန်းတဲ့နေရာမှာ သုတ်လိုက်ပြီး တစ်နာရီကြာထားပါ။ အဲဒီနောက် ပုံမှန်လျှော်နေကျအတိုင်း လျှောက်လိုက်ရုံပါပဲ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်းများ
- အဝတ်လျှော်ဆပ်ပြာခဲ
- ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
- သံပုရာသီးတစ်ခြမ်း
အဝတ်လျှော်ဆပ်ပြာခဲကို ခြစ်ချလိုက်ပြီး ဟိုက်ဂရိုဂျင်ပါအောက်ဆိုက်၊ သံပုရာရည်တို့နဲ့ ရောမွှေလိုက်ပါ။ အင်္ကျီတွေ စွန်းနေတဲ့နေရာမှာ မွှေထားတာတွေကို သုတ်လိုက်ပြီး မိနစ် ၄၀ ခန့်ထားပါ။ အဲဒီနောက် လျှော်နေကျဆပ်ပြာနဲ့ ပြန်လျှော်လိုက်လို့ရပါပြီ။
နည်းလမ်း ၃
လိုအပ်သောပစ္စည်းများ
- ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- အမိုးနီးယားလက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ချည်ပိတ်စလေး
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ အမိုးနီးယားကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပါ။ အဲဒီနောက် ချည်ပိတ်စလေးကို အသုံးပြုပြီး မင်စွန်းနေတဲ့နေရာမှာ သုတ်ပေးပါ။ ၁၅ မိနစ်ခန့် ထားပြီးနောက်မှာတော့ လျှော်လိုက်လို့ရပါပြီ။
နည်းလမ်း ၄
လိုအပ်သောပစ္စည်းများ
- အရက်ပြန်
- ချည်ပိတ်စလေး
ချည်ပိတ်စလေးမှာ အရက်ပြန်ကို တို့ပြီး အင်္ကျီရဲ့မင်စွန်းတဲ့နေရာမှာ သုတ်ပေးပါ။ မင်စွန်းတွေ ပျောက်သွားတဲ့အထိ သုတ်ပေးလို့ရပါတယ်။ ချည်ပိတ်စလေး ညစ်ပတ်လာရင် နောက်ထပ်ပိတ်စတစ်ခုနဲ့ ထပ်ပြီး သုတ်ပေးပါ။
နည်းလမ်း ၅
လိုအပ်သောပစ္စည်းများ
- ဒိန်ရည် သို့မဟုတ် နွားနို့
ဒိန်ရည် သို့မဟုတ် နွားနို့ကို မင်စွန်းတဲ့အဝတ်အစားပေါ်မှာ ပွတ်တိုက်ပြီး တစ်နာရီကြာ ထားပေးပါ။ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ဘက်တီးရီးယားတွေက မင်တွေကို ပြောင်စင်စေတာကြောင့် လျှော်ရလွယ်သွားပါတယ်။
မင်က လောလောလတ်လတ်စွန်းထားတယ်ဆိုရင် နွားနို့ကို အသုံးပြုလို့ရပါတယ်။ နွားနို့ထဲမှာ မင်စွန်းတဲ့အဝတ်အစားကို ၂ နာရီခန့် စိမ်ထားပြီးမှ လျှော်ပါ။
နည်းလမ်း ၆
သွားတိုက်ဆေးကို မင်စွန်းတဲ့နေရာမှာ သေသေချာချာ ပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပေးပြီးနောက် ၁၅ မိနစ်ကြာထားပါ။ လျှော်လိုက်တဲ့အခါ မင်စွန်းတွေက ပြောင်စင်သွားပါတယ်။
နည်းလမ်း ၇
လိုအပ်သောပစ္စည်းများ
- ပန်းကန်ဆေးဆပ်ပြာရည်
- ရေ
မင်စွန်းနေတဲ့အဝတ်အစားပေါ်ကို ပန်းကန်ဆေးဆပ်ပြာရည် များများလောင်းချပြီး မိနစ် ၃၀ ခန့် ရေနွေးထဲမှာ စိမ်ထားပါ။ ပြီးနောက်မှာတော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လိုက်လို့ရပါပြီ။ ဒီနည်းကတော့ နည်းလမ်းတွေ အားလုံးထဲမှာ ပြုလုပ်ရလွယ်ကူပါတယ်။
Zombie (lovemedia)
0 Comments