ညဘက်မှာ အတွေးတွေလွန်ပြီး အိပ်မပျော်တာက ကျန်းမာရေးနဲ့ အလှအပကို အများကြီးထိခိုက်စေပါတယ်။ အတွေးများတဲ့အခါ နွားနို့သောက်ပြီးအိပ်လည်း အိပ်မပျော်ပါဘူး။ အဲဒါကြောင့် အတွေးလွန်နေတာတွေကို ရပ်တန့်ပြီး အိပ်ရေးဝဝအိပ်ပျော်စေမယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
လက်ရှိကိုပဲ အာရုံစိုက်ပါ။
အတိတ်က အကြောင်းအရာ သို့မဟုတ် အနာဂတ်အကြောင်းအရာတွေကို တွေးတောနေတာက တော်တော်နဲ့ အိပ်ပျော်စေမှာ မဟုတ်ပါဘူး။ နောင်တရတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ တနုံ့နုံ့ခံစားရတာ စတာတွေကိုပဲ ထပ်တလဲလဲတွေးနေတာက တစ်ခါတရံမိုးလင်းသွားစေနိုင်ပါတယ်။
အတိတ်ကို ပြုပြင်လို့မရသလို အနာဂတ်က မဖြစ်လာသေးတာတွေကိုလည်း တွေးပူနေသင့်ပါဘူး။ လက်ရှိအချိန်ကိုသာ အကောင်းဆုံးနေထိုင်ပြီး ဦးနှောက်ကို အနားပေးသင့်ပါတယ်။
အိပ်ခါနီးမှာ ဖုန်းမသုံးသင့်ပါဘူး။
အိပ်ခါနီးမှာ ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာသုံးလိုက်တဲ့အခါ သူတို့ဆီကနေ ထွက်တဲ့ အပြာရောင်အလင်းတန်းတွေကလည်း အိပ်မပျော်စေပါဘူး။ ဥပမာ အိပ်ခါနီးမှာ ဖုန်းသုံးပြီး စိုးရိမ်စရာတွေ တိုးလာရင် ဦးနှောက်က အလုပ်များနေတော့မှာပါ။ အဲဒါကြောင့် အိပ်ခါနီး တစ်နာရီအလိုကတည်းက ဖုန်းကို မသုံးသင့်တော့ပါဘူး။
အာရုံပြောင်းပါ။
အိပ်ခါနီးမှာ စာဖတ်တာ၊ ပုံလေးတွေကို အရောင်ခြယ်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။ အိပ်ခါနီးအချိန်မှာ စိတ်သောကရောက်စရာတွေကို အာရုံပြောင်းလိုက်ပါ။
စိတ်ပူဖို့အတွက် အချိန်သပ်သပ်ဖယ်ထားပါ။
စိတ်ပူစရာတွေကို တစ်နေကုန်တွေး၊ တစ်ညလုံးစဉ်းစားတဲ့အခါ စိတ်ရောလူပါ ပင်ပန်းလာမှာပါ။ အဲဒါကြောင့် တစ်နေ့ကို ၁၅မိနစ်လောက်ပဲ စိတ်ပူစရာတွေကို တွေးတောပါ။ အဲဒီ ၁၅မိနစ်အချိန်မှာ သင်အတွေးလွန်နေတဲ့အရာတွေ၊ ပူပန်နေတဲ့အရာတွေ၊ နောင်တရနေတဲ့အရာတွေကို ချရေးပါ။
အဲဒီနောက် ပြဿနာကို တစ်ချက်ချင်းစီ၊ တစ်ဆင့်ချင်းစီ စဉ်းစားပြီး ပြေလည်ဖို့ အဖြေရှာပါ။ နေ့စဉ်ပြုလုပ်တဲ့အခါ ပိုကောင်းတဲ့ရလဒ်ကို ရရှိလာစေမှာပါ။
လာဗင်ဒါရနံ့ဆီ
ရနံ့ကုထုံးတွေမှာ လာဗင်ဒါရနံ့ဆီကို အသုံးပြုကြပါတယ်။ လာဗင်ဒါရနံ့ဆီကို အဝတ်အစား သို့မဟုတ် တဘက်မှာ အနည်းငယ်စွတ်လိုက်ပါ။ ရနံ့ဆီကို ရှူရှိုက်တာက မြန်မြန်အိပ်ပျော်လွယ်စေပါတယ်။
ကြွက်သားတွေကို အနားပေးပါ။
မအိပ်ခင်မှာ ဦးခေါင်းကနေ ခြေချောင်းလေးတွေအထိ ကြွက်သားတွေတင်းနေတာတွေကို ဖြေလျှော့လိုက်ပါ။ မြန်မြန်အိပ်ပျော်စေတဲ့အပြင် စိတ်ပူပန်တွေနေတာတွေကိုလည်း လျော့ပါးသွားစေပါတယ်။
အိပ်ပျော်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးသင့်ပါဘူး။
အိပ်ပျော်ဖို့ခက်ခဲနေတယ်ဆိုရင် ခဏလောက် လမ်းထလျှောက်တာ၊ စာဖတ်တာ၊ စာရေးတာတို့ကို ပြုလုပ်ပါ။ တစ်ခါတရံမှာ အိပ်ပျော်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးနေတာကလည်း ပိုပြီး အိပ်မပျော်စေပါဘူး။
တီဗွီကြည့်ပါ။
မအိပ်ခင်မှာ ဖုန်းနဲ့ ကွန်ပျူတာတွေကို မသုံးသင့်ပါဘူး။ ဒါပေမယ့် စိတ်ပူပန်စရာတွေအရမ်းများနေရင် တီဗွီဖွင့်ကြည့်ပြီး အာရုံပြောင်းလိုက်ပါ။ တီဗွီက မျက်လုံးနဲ့ ဝေးတာကြောင့် အန္တရာယ်နည်းပါးပါတယ်။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
အဆက်မပြတ်တွေးတောနေတာတွေက သင့်ကို နှိပ်စက်နေမှာပါ။ အဲဒါကြောင့် အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။ ဒါမှမဟုတ် တရားထိုင်ကြည့်ပါ။
အထက်ပါနည်းလမ်းတွေနဲ့ မထိရောက်တဲ့အခါ၊ အတွေးများပြီး ညစဉ်အိပ်မပျော်တဲ့အခါမှာ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။
Zombie (lovemedia)
0 Comments