ကိုယ်နေဟန်ထားမှန်ကန်စေဖို့ နည်းလမ်းများ

အမြဲတမ်းစမတ်ကျပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အသွင်ရစေဖို့ ကိုယ်နေဟန်ထားက အရေးကြီးပါတယ်။ ကိုယ်နေဟန်ထားမမှန်တဲ့အခါ ကျန်းမာရေးကိုလည်း ထိခိုက်လာစေမှာပါ။ အဲဒါကြောင့် သင့်ရဲ့ကိုယ်နေဟန်ထား မှန်ကန်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

မတ်တပ်ရပ်နေတဲ့အခါ

မတ်တပ်ရပ်နေတဲ့အခါမှာ ခါးကို မတ်မတ်ထားပါ။ ခြေထောက်ကို ပုခုံးအကျယ်အတိုင်း ရပ်ပါ။ ပုခုံးတွေက သက်တောင့်သက်သာဖြစ်နေသင့်ပါတယ်။ ရှေ့ကိုလည်း အရမ်းမကိုင်းနေသင့်ပါဘူး။ မတ်တပ်ရပ်တဲ့အခါ ခါးကို မတ်မတ်မထားရင် ဗိုက်လည်း ပိုပူလာမှာပါ။

လမ်းလျှောက်တဲ့အခါ

လမ်းလျှောက်တဲ့အခါ မေးစေ့က မြေကြီးနဲ့ အပြိုင်အနေအထားမှာ ရှိနေသင့်ပါတယ်။ ပုခုံးကို ကိုင်းမထားသင့်သလို အတောင့်လိုက်ကြီးလည်း မနေသင့်ပါဘူး။ ပုခုံးကို သက်တောင့်သက်သာဖြစ်အောင် နေပါ။

ခြေလှမ်းလှမ်းတဲ့အခါ လက်ကို ဖြည်းဖြည်းချင်းလွှဲပြီးလျှောက်ပါ။

ခြေဖနောင့်ကို အရင်ချပြီးမှ ခြေချောင်းလေးတွေကို ချပါ။

ထိုင်တဲ့အခါ

ထိုင်တဲ့အခါမှာလည်း ကျောရိုးနဲ့ ပုခုံးကို မတ်မတ်ထားပြီးမှထိုင်ပါ။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို တင်ပါးနှစ်ဖက်လုံးမှာ ညီမျှအောင်ထားလိုက်ပါ။ ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ ပေါင်နဲ့ တင်ပါးက ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေသင့်ပါတယ်။

တံတောင်ဆစ်ကို ၉၀ ဒီဂရီဖြစ်အောင် ကွေးထားပါ။ ကွန်ပျူတာ screenနဲ့ မျက်လုံးက တန်းတန်းဖြစ်နေသင့်ပါတယ်။ ကွန်ပျူတာသုံးတဲ့အခါ ငုံ့ပြီးမသုံးသင့်သလို မော့ပြီးတော့လည်း မသုံးသင့်ပါဘူး။ ကီးဘုတ်ကိုလည်း လက်နဲ့ တစ်ပြေးညီအနေအထားအတိုင်း ထားပြီးမှ သုံးပါ။

ထိုင်ခုံက ထိုင်ရတာအဆင်မပြေတဲ့အခါ ခေါင်းအုံး သို့မဟုတ် ပုဝါတစ်ထည်ကို ခါးနဲ့ ထိုင်ခုံကြားမှ ညှပ်ထိုင်ပါ။

ထိုင်ခုံမှာ ထိုင်တဲ့အခါ ဒူးကို ၉၀ဒီဂရီကွေးပြီးမှ ထိုင်ပါ။ ထိုင်တဲ့အခါ ခြေထောက်က ကြမ်းပြင်ကို ထိအောင် ထိုင်ပါ။ ခြေထောက်က ကြမ်းပြင်ကို မထိရင် ခြေတင်ကို အသုံးပြုပြီး ထိုင်ပါ။ ထိုင်တဲ့အခါ ခြေထောက်ကို ယှက်ပြီး မထိုင်သင့်ပါဘူး။ ခြေထောက်ကို ယှက်ပြီးထိုင်တဲ့အချိန်တွေများလည်ရင် သွေးလည်ပတ်မှု အားမကောင်းတော့ပါဘူး။

ကားမောင်းတဲ့အခါ

ကားမောင်းတဲ့အခါမှာလည်း ခါးကို မတ်မတ်ထားပါ။ အရှေ့ကို အရမ်းကိုင်းမနေသင့်သလို အနောက်ကိုလည်း လန်မနေသင့်ပါဘူး။ ဒူးနဲ့ တင်ပါးက အမြင့်အတူတူဖြစ်နေသင့်ပါတယ်။

ကားမောင်းတဲ့အခါ ခါးမတ်စေဖို့ ခုံနဲ့ ခါးကြားမှာ ခေါင်းအုံးကိုညှပ်ပြီးမှ ထိုင်ပါ။

အိပ်တဲ့အခါ

ပက်လက်အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးသေးသေးလေးကို ထားပြီးမှ အိပ်ပါ။

ဘေးစောင်းအိပ်တဲ့အခါ ဒူးကိုအနည်းငယ်ကွေးထားပြီး ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးသေးသေးလေးကို ထားအိပ်ပါ။

မှောက်အိပ်တဲ့အခါ ခေါင်းအုံးပါးပါးလေးကို ဗိုက်အောက်မှာ ထားပြီးအိပ်ပါ။

ဖုန်းအသုံးပြုတဲ့အခါ

ဖုန်းကို အသုံးပြုတဲ့အခါ မျက်လုံးနဲ့ ဖုန်းမျက်နှာပြင်ကို ခပ်တန်းတန်းအနေအထားမှာ အသုံးပြုပါ။ ဖုန်းသုံးတဲ့အခါ ခေါင်းက အကြာကြီးငုံ့ထားရင် လည်ပင်းနဲ့ကုတ်မှာ ဖိအားတွေဖြစ်ပေါ်ပြီး အကြောတက်တာ၊ ခေါင်းကိုက်တာတို့ ဖြစ်စေမှာပါ။

ဖုန်းပြောတဲ့အခါ ဖုန်းကို နားနဲ့ပုခုံးကြားမှာ ညှပ်ပြီး မပြောသင့်ပါဘူး။ အဲဒီအစား နားကြပ်ကို သုံးပြီးဖုန်းပြောပါ။

လည်ပင်းနောက်မှာ အဆီတက်တာကို သက်သာစေမယ့်နည်းလမ်းများ

အရင်ဆုံး လည်ပင်းအနောက်ဖက်မှာ လက်နှစ်ဖက်ကို တင်လိုက်ပါ။ တံတောင်ဆစ်နှစ်ခုကို ထိထားပါ။ အဲဒီနောက် ခေါင်းကို ဖြည်းဖြည်းချင်းအပေါ်မော့လိုက်ပါ။ ဒီနည်းကို နေ့စဉ်အသုံးပြုတဲ့အခါ လည်ပင်းနောက်မှာအဆီတက်တာ လျော့ပါးသွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments