ခွေးလေးတွေ၊ ကြောင်လေးတွေကို ဓာတ်ပုံရိုက်ရတာ အနည်းငယ်တော့ ခက်ခဲပါတယ်။ သူတို့တွေက အဆော့သန်တာကြောင့် ဓာတ်ပုံရိုက်ရတာ အဆင်မပြေပါဘူး။ အဲဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကင်မရာကို နိမ့်ပြီးမှ ရိုက်ပါ။
ခွေးလေးတွေ၊ ကြောင်လေးတွေကို ဓာတ်ပုံရိုက်တဲ့အခါ အပေါ်ကနေ မိုးပြီးရိုက်ရင် သူတို့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေ အပြည့်အဝမပေါ်လွင်ပါဘူး။ သဘာဝဆန်ဆန်လေးဖြစ်စေဖို့ ကင်မရာကို သူတို့နဲ့မျက်နှာချင်းဆိုင်အမြင့်လောက်ကနေ ကိုင်ထားပြီးမှ ရိုက်ပါ။
၂။ သဘာဝအလင်းရောင်ကို အသုံးပြုပါ။
အိမ်မွေးတိရစ္ဆာန်လေးတွေက အပြင်ထွက်ရတာကို သဘောကျပါတယ်။ အဲဒါကြောင့် အပြင်ထွက်ရလို့ သူတို့ပျော်ရွှင်နေချိန်မှာ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးပါ။ သဘာဝအလင်းရောင်က သူတို့ရဲ့အမူအရာလေးတွေကို ပိုပေါ်လွင်စေပါတယ်။ အိမ်မှာ ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း သဘာဝအလင်းရောင်ရတဲ့နေရာကို ရှာပြီးမှရိုက်ပါ။
၃။ နောက်ခံအနေအထားကို ကြည့်ပါ။
ဓာတ်ပုံကောင်းကောင်းရဖို့ နောက်ခံအနေအထားကလည်း အရေးကြီးပါတယ်။ ခွေးတွေ၊ ကြောင်တွေရဲ့အရောင်ပေါ်မူတည်ပြီး နောက်ခံအနေအထားကို ရွေးချယ်သင့်ပါတယ်။ ဥပမာအားဖြင့် Golden retriver ကို သဲသောင်ပြင်ပေါ်မှာ နောက်ခံထားပြီး ဓာတ်ပုံရိုက်ရင် အရောင်ရောသွားပြီး ခွေးလေးရဲ့ချစ်စရာကောင်းတဲ့ပုံလည်း မပေါ်လွင်တော့ပါဘူး။
၄။ အမြဲတမ်း ဓာတ်ပုံရိုက်ပါ။
ခွေးလေးတွေ၊ ကြောင်လေးတွေကို ပထမဆုံးဓာတ်ပုံရိုက်ရင် သူတို့တွေက သဘောမကျဘဲ ထွက်ပြေးတာ၊ ရှောင်တာတွေ ပြုလုပ်တတ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားကြည့်ရင်တော့ သူတို့ကို ဓာတ်ပုံရိုက်တာကို သိပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေပါ လုပ်ပြတတ်ပါတယ်။
၅။ သူတို့ကြိုက်တဲ့မုန့်လေးနဲ့ ဆွဲဆောင်ပါ။
ခွေးလေးတွေ၊ ကြောင်လေးတွေကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် သူတို့ကြိုက်တတ်တဲ့မုန့်လေးကို အရင်ဆုံးပြထားပါ။ မုန့်လေးကို သူတို့ကြည့်နေချိန်မှာ ဓာတ်ပုံရိုက်လိုက်ပါ။ ဓာတ်ပုံရိုက်ပြီးတဲ့အခါ မုန့်ကျွေးလိုက်ပါ။
နောက်ပိုင်းမှာတော့ ခွေးလေးတွေ၊ ကြောင်လေးတွေကလည်း ဓာတ်ပုံရိုက်တော့မယ်ဆိုရင် မုန့်စားရတော့မှာကို သိသွားပြီး ချစ်စရာကောင်းတဲ့ပုံလေးတွေ ထွက်လာမှာပါ။
၆။ အနီးကပ်ရိုက်ပါ။
အိမ်မွေးတိရစ္ဆာန်လေးတွေကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် သူတို့ရဲ့ပုံကို အနီးကပ်ရိုက်ပါ။ အရောင်တောက်နေတဲ့မျက်လုံး၊ နူးညံ့တဲ့အမွေးလေးတွေကို အဓိကထားပြီး ရိုက်ကြည့်ပါ။
၇။ ဖန်တီးပါ။
ခွေးလေးတွေ၊ ကြောင်လေးတွေကို ချစ်စရာကောင်းတဲ့ပုံစံဖြစ်စေဖို့ မျက်မှန်တပ်ပေးတာ၊ ဦးထုပ်ဆောင်းပေးတာ၊ အဝတ်အစားဝတ်ပေးတာတို့ ပြုလုပ်နိုင်ပါတယ်။ နောက်ထပ်နည်းလမ်းကတော့ ဘောလုံးကို လိုက်ဖမ်းနေတဲ့အချိန်မှာ ဓာတ်ပုံရိုက်တာပါ။ ကစားနေတဲ့အချိန်မှာဖြစ်လာတဲ့ မျက်နှာအမူအရာတွေက ပိုပြီးသဘာဝကျပါတယ်။
Zombie (lovemedia)
0 Comments