မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်ရင် အမြဲတမ်းကြည့်ကောင်းနေစေဖို့ နည်းလမ်း (၉) ခု

မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်လိုက်တိုင်း ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်တိုင်းမကျဖြစ်တာကို ကြုံဖူးမှာပါ။ သင်က မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်ရတာကို သဘောကျသူဆိုရင်တော့ ဘယ်လိုနည်းတွေက သင့်အတွက် အသုံးဝင်စေမလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သဘာဝအလင်းရောင်ကို အသုံးပြုပါ။

သဘာဝအလင်းရောင်က နူးညံ့ပြီး သင့်ရဲ့သွင်ပြင်ကို ပိုလှစေပါတယ်။ မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်တော့မယ်ဆိုရင် ပြူတင်းပေါက်တွေဖွင့်ပြီး လိုက်ကာတွေကို ဖယ်လိုက်ပါ။ အလင်းရောင်ဝင်လာတဲ့ဘက်ကို မျက်နှာမူပြီးမှ ရိုက်ပါ။ ဖုန်းက မီးကိုဖွင့်ပြီး ရိုက်ရင် အလင်းပြန်ပြီး သင့်ရဲ့အလှတွေတောင် မှေးမှိန်သွားမှာပါ။

၂။ ပုံကို လိုအပ်သလို ဖြတ်တောက်ပါ။

ဓာတ်ပုံရိုက်ပြီးတဲ့အခါ ဘေးနားက မလိုတဲ့အရာတွေ၊ မလှတဲ့အစိတ်အပိုင်းတွေ၊ သဘောမကျတဲ့အရာတွေကို ဖြတ်တောက်ပစ်လိုက်ပါ။ ပေါင်နေရာနဲ့ တံတောင်ဆစ်အောက်ဘက်ကို ဖြတ်တောက်ပစ်တာက ပိုပြီးကြည့်ကောင်းပါတယ်။

ဒါပေမယ့် ဒူးနေရာတည့်တည့်ကနေ ပုံကို ဖြတ်တောက်ပစ်တာ၊ တံတောင်ဆစ်နေရာကနေ ဖြတ်တောက်ပစ်တာတွေက သင့်ပုံကို ကြည့်ရဆိုးသွားစေမှာပါ။

၃။ ဖုန်းကို ခန္ဓာကိုယ်အပေါ်ဖက်နေရာမှာ ထားပါ။

တစ်ကိုယ်လုံးပုံကို ဆယ်လ်ဖီရိုက်မယ်ဆိုရင် ဖုန်းကို မျက်နှာနားမှာ ထားပြီး ရိုက်တာက ပိုလှပါတယ်။ အဲဒီအခါ သင့်ခန္ဓာကိုယ်က သေးသွယ်တယ်လို့ ထင်ရပြီး ပိုပြီးတော့လည်း စမတ်ကျသွားပါတယ်။

၄။ အလင်းရောင်လာတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်နေရာမှာ ဖုန်းကို ကိုင်ထားပါ။

အလင်းရောင်လာတဲ့ဘက်ကနေ ဖုန်းကို တည့်တည့်ကိုင်ထားရင် အရိပ်ကွယ်ပြီး ပုံက လှသင့်သလောက် မလှတော့ပါဘူး။ မျက်နှာရဲ့အလှလည်း ပေါ်လွင်မှာမဟုတ်ပါဘူး။

၅။ လက်အနေအထားကလည်း အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အသွင်ဖြစ်စေဖို့ လက်အနေအထားကလည်း အရေးကြီးပါတယ်။ ခြေထောက်တစ်ဖက်ကို အနည်းငယ်ရှေ့ထုတ်လိုက်ပါ။ ဒူးကို အနည်းငယ် ကွေးထားပါ။ လက်တစ်ဖက်ကိုလည်း အောက်ချထားပြီး အိတ် သို့မဟုတ် တစ်ခုခုကို ကိုင်ထားပါ။

၆။ ဖုန်းကို မျက်နှာနဲ့တည့်တည့်မထားသင့်ပါဘူး။

မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်တဲ့အခါ မျက်နှာကို အနည်းငယ်မော့ထားပြီး ဖုန်းကို မျက်နှာနဲ့ ခပ်စောင်းစောင်းနေရာကနေ ကိုင်ပြီး ရိုက်ပါ။ အဲဒီအခါ မေးစေ့နှစ်ထပ်ဖြစ်နေတာလည်း သိပ်မသိသာတော့ပါဘူး။ မျက်နှာရှေ့တည့်တည့်မှာ ဖုန်းကို ကိုင်ပြီးရိုက်ရင် သိပ်မလှတော့ပါဘူး။

၇။ ဖုန်းကို ကြည့်ပါ။

မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်တဲ့အခါမှာ အခြားနေရာကို မကြည့်ဘဲ ဖုန်းကို နေပါ။ အဲဒီလိုပုံစံက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အသွင်ဖြစ်စေပြီး အရင်က ရိုက်ခဲ့တဲ့ပုံတွေနဲ့ အကွာကြီးကွာခြားနေမှာပါ။

၈။ ခါးထောက်ထားပါ။

လက်ကို ဘယ်နေရာမှာ ထားရမှန်းမသိရင် ခါးထောက်လိုက်ပါ။ ဒီနည်းက နေရမခက်စေဘဲ ခါးကို သေးသွယ်တယ်လို့ ထင်ရစေပါတယ်။ တင်ပါးတစ်ဝိုက်မှာတော့ လက်ကို မထောက်သင့်ပါဘူး။

၉။ ဖုန်းကိုင်တဲ့ အနေအထား

မှန်ရှေ့မှာ ဆယ်လ်ဖီရိုက်တဲ့အခါ အရေးကြီးဆုံးကတော့ ဖုန်းကို ကိုင်တဲ့ပုံစံပါ။ ဖုန်းကို လက်တစ်ဖက်တည်းနဲ့ ထိထိမိမိလှလှပပကိုင်ထားရင် ပြီးပြည့်စုံတဲ့ ဓာတ်ပုံလေးတစ်ပုံရလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments