ဘဝက မလွယ်ကူပေမယ့် ချစ်ရတဲ့သူက ဘေးမှာရှိနေရင်တော့ အားအင်တွေရပြီး ထင်သလောက် မခက်ခဲတော့ပါဘူး။ အဲဒီအကြောင်းကိုတော့ Andrea က သက်သေပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ်နွေရာသီနှောင်းပိုင်းမှာ Giuliaက သူမရဲ့ရည်းစားဟောင်းနဲ့အတူ စကူတာကို စီးပြီအိမ်ပြန်လာပါတယ်။ ရုတ်တရက် စကူတာက ချော်ပြီး မှောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အသက် ၁၉ နှစ်အရွယ် Giuliaဟာ ကျောရိုးအဆစ်ကျိုးသွားခဲ့ပါတယ်။
ငယ်ရွယ်သေးတဲ့ Giulia ဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နာကျင်ခံစားမှုတွေ ရှိခဲ့ပါတယ်။ သူမရဲ့ခြေထောက်ဟာ လုံးဝလှုပ်ရှားလို့မရတော့သလို ဘာအထိအတွေ့ကိုမှလည်း ခံစားလို့မရတော့ပါဘူး။ ဒါပေမယ့် Giulia ဟာ အားအင်တွေစုစည်းပြီး ဘဝကို အရှုံးမပေးခဲ့ပါဘူး။
သူမရဲ့ပြင်းပြတဲ့စိတ်ဓာတ်က သူမရဲ့ဘဝ ရုတ်တရက်တစ်ဆစ်ချိုးပြောင်းသွားဖို့ ကူညီနိုင်ခဲ့ပါတယ်။ Giulia ဟာ ဝှီးချဲကို အသုံးပြုနိုင်အောင် ကြိုးစားပြီး တင်းနစ်ဆရာမတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အားမလျှော့တဲ့ Giulia ဟာ ကားမောင်းတာ၊ အလုပ်ပုံမှန်လုပ်တာ၊ အိမ်အတွက်လိုအပ်တဲ့ဒီဇိုင်းဆွဲတာတွေပါ လုပ်နိုင်လာပါတယ်။ သူမရဲ့ဘဝကို အရှုံးမပေးဘဲ ကြိုးစားရင်း ဘေးနားမှာ အမြဲတမ်းအတူရှိပေမယ့် လက်တွဲဖော်နဲ့လည်း တွေ့ခဲ့ပါတယ်။
Guilia ဟာ Andrea နဲ့ အကြောပြန်လည်သန်စွမ်းရေးစင်တာမှာ တွေ့ခဲ့ပါတယ်။ Andrea ဟာ အကြောပြန်လည်သန်စွမ်းရေးဆရာတစ်ယောက်ဖြစ်ပြီး အလုပ်သင်ဆင်းရင်းနဲ့ Giuliaနဲ့ တွေ့ခဲ့ပါတယ်။
Giulia က Andrea ရဲ့ လူနာအဖြစ် ကုသမှုခံယူခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဘဝရည်မှန်းချက်တွေ၊ အစီအစဉ်တွေ ဖလှယ်ခဲ့ကြပါတယ်။ စကားတွေအများကြီးပြောပြီးနောက် သူတို့နှစ်ယောက်က ရင်းနီးသွားကြပါတယ်။
Andrea ရဲ့အလုပ်သင်ကာလပြီးခါနီးမှာ Giuliaကလည်း ဆေးရုံကနေ ဆင်းရတော့မှာပါ။ သူတို့နှစ်ဦးဟာ မထင်မှတ်ဘဲ ဩစတေးလျကို သွားဖို့ စီစဉ်ခဲ့ကြပါတယ်။ ခရီးစဉ်တစ်လျှောက် သူတို့ရဲ့သံယောဇဉ်တွေက ခိုင်မြဲလာပြီး တစ်ဦးကိုတစ်ဦး ချစ်သွားကြပါတော့တယ်။ ခရီးထွက်ခြင်းက Guilia အတွက် လွတ်လပ်ပြီး စိတ်သစ်လူသစ်ဖြစ်လာစေပါတယ်။
သူတို့နှစ်ဦးဟာ လက်ထပ်လိုက်ကြပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံနဲ့ မြို့ပေါင်း ၈၀ ကျော်ကို အတူတူ ခရီးထွက်ခဲ့ကြပါတယ်။ သူမရဲ့ခင်ပွန်းနဲ့ မတွေခဲ့ရင် ဒီလိုခရီးတွေ ထွက်ဖို့ မဖြစ်နိုင်ကြောင်း Guilia ပြောပါတယ်။
ခရီးတွေအတူတူသွားတဲ့အခါ Andrea က Guilia ကို ကျောပိုးသွားပါတယ်။ တောင်တွေ၊ လှေကားတွေ တက်တဲ့အခါမှာလည်း ကျောပိုးသွားပါတယ်။
အခုဆိုရင် Guilia က အသက် ၃၀ အရွယ်ရှိပြီး ဘဝအတွက် အရှုံးမပေးဘဲ ခင်ပွန်းသည်နဲ့အတူ ကြိုးစားနေဆဲပါပဲ။ သူတို့နှစ်ဦးဟာ နောက်ထပ်ခရီးတွေအတူသွားဖို့လည်း စီစဉ်နေကြဆဲပါပဲ။
Zombie (lovemedia)
0 Comments