ပျားရည်အစစ်နဲ့ အတုကို ခွဲခြားနည်း

ပျားရည်က အစားအသောက်တွေမှာလည်း အသုံးဝင်ရုံမက ဆေးဘက်လည်း ဝင်ပါတယ်။ ပျားရည်မှာ အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် အလှအပအတွက်လည်း အသုံးဝင်ပါတယ်။

အဲဒါကြောင့် ပျားရည်ကို ဝယ်ယူတဲ့အခါ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်သင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

သဘာဝပျားရည်ရဲ့ လက္ခဏာများ

အရောင်

ပျားရည်ရဲ့အရောင်က ပျားကောင်လေးတွေ ဝတ်ရည်စုပ်ယူတဲ့ ပန်းအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ အရောင်က အနက်ရောင်ကနေ အညိုနုရောင်အထိ ကွဲပြားတတ်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာလည်း ပျားရည်ရဲ့အရောင်က အနည်းငယ် ရင့်လာတတ်ပါတယ်။

အချို

သဘာဝပျားရည်မှာ ဖရက်တို့စ်နဲ့ ဂလူးကို့စ်ဆိုပြီး သကြားနှစ်မျိုး ပါဝင်ပါတယ်။ အဲဒီသကြားနှစ်မျိုးက သကြားအဖြူထက် အနည်းငယ်ပိုချိုပါတယ်။

ကြည်လင်ခြင်း

ပျားရည်အစစ်မှာ ဝတ်မှုန်လေးတွေ ပါတာကြောင့် ပျားရည်က အရမ်းမကြည်လင်နေပါဘူး။ ပျားရည်ကို သန့်စင်သွားစေဖို့ ပျားရဲ့အစိတ်အပိုင်းလေးတွေနဲ့ ဖယောင်းကို ဖယ်ထုတ်၊ စစ်ထုတ်ကြပါတယ်။ ဒါပေမယ့် ဝတ်မှုန်လေးတွေကတော့ ပျားရည်မှာ ကျန်နေပါတယ်။ ကြည်လင်နေတဲ့ပျားရည်က စစ်ထုတ်ထားတဲ့ အကြိမ်ရေများပါတယ်။

ရေပါဝင်မှု

ပျားရည်ကို ကြာကြာသိမ်းထားလေ ရေပါဝင်မှု နည်းပါးသွားလေပါ။ ကောင်းမွန်တဲ့ပျားရည်မှာ ရေအစိုဓာတ်က ၁၈ရာခိုင်နှုန်းထက် ပိုပြီး မပါဝင်ပါဘူး။ ပျားရည်မှာပါဝင်တဲ့အစိုဓာတ်က ဘက်တီးရီးယားတွေ မပေါက်ဖွားလာအောင် ကာကွယ်ပေးတာပါ။ ပျားရည်ဘူးကို အဖုံးဖွင့်ထားရင် လေထုထဲက ရေငွေ့တွေကို စုပ်ယူနိုင်ပါတယ်။

ပုံဆောင်ခဲဖွဲ့ခြင်း

ပထမဆုံး အဖုံးဖွင့်ချိန်ကနေ ၃လအတွင်း ပျားရည်ဟာ ပုံဆောင်ခဲမဖွဲ့သင့်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကလည်း အမြဲတမ်းမမှန်ကန်ပါဘူး။ အချို့သော ပျားရည်တွေက အချိန်ကြာသွားတာတောင် မခဲသွားပါဘူး။ အချို့သော ပျားရည်တွေကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ပုံဆောင်ခဲတွေ ဖြစ်သွားပါတယ်။ ပျားရည်ကောင်းမကောင်းကို ပုံဆောင်ခဲဖွဲ့ခြင်း၊ မဖွဲ့ခြင်းနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။

ရနံ့

ပျားရည်အစစ်ရဲ့ရနံ့က ချိုအီမွှေးပျံ့နေတတ်ပါတယ်။ ပန်းရနံ့လည်း ဆင်တူပါတယ်။ ချဉ်စူးစူးအနံ့ သို့မဟုတ် အနံ့မပါတဲ့ပျားရည်က ပျားရည်အတုပါ။

စေးပျစ်ခြင်း

ပျားရည်ဘူးထဲကို ဇွန်းတစ်ချောင်းနှစ်ကြည့်လိုက်ပါ။ အဲဒီအခါ ပျားရည်က ပျစ်လားမပျစ်လားဆိုတာ သိနိုင်ပါတယ်။ ပျားရည်အစစ်က ခပ်လိုက်ရင် ပျားရည်စက်လေးတွေဟာ ကြွက်မြီးတန်းလို ဖြစ်နေပြီး အောက်ကို ကျသွားတဲ့အခါ အရစ်လိုက်လေး ပုံကျနေတတ်ပါတယ်။ ပျားရည်အတုကတော့ ကော်လိုဖြစ်နေပြီး တစ်စက်ချင်းစီပဲ ကျသွားပါတယ်။

အရသာ

ပျားရည်က တစ်ခါတရံမှာ အနည်းငယ်စပ်တဲ့အရသာရှိပါတယ်။ ဒါပေမယ့် လျှာပေါ်ရောက်သွားတဲ့အခါမှာတော့ ခဏအတွင်း ပျော်ဝင်သွားပါတယ်။ ပျားရည်က လျှာပေါ်မှာ သကြားခဲလိုဖြစ်နေရင် အတုဖြစ်နိုင်ပါတယ်။

သဘာဝပျားရည် ဟုတ်မဟုတ် သိနိုင်မယ့်နည်းလမ်းများ

၁။ စက္ကူတစ်ရွက်အပေါ်မှာ ပျားရည်အစက်အနည်းငယ်လောက် ချကြည့်ပါ။ ပျားရည်စက်တွေက စိုထိုင်းပြီး စက္ကူတစ်ရွက်လုံးကို ပျံ့နှံ့သွားရင် ပျားရည်အတုပါ။

၂။ ပေါင်မုန့်ကို ပျားရည်ထဲကို ၁၀မိနစ်လောက်နှစ်ထားပြီးမှ ပြန်ထုတ်ပါ။ သဘာဝပျားရည်မှာ ရေပါဝင်မှုနည်းတာကြောင့် ပေါင်မုန့်က နူးညံ့လာမှာမဟုတ်ပါဘူး။ မာနေမှာပါပဲ။ ပေါင်မုန့်က နူးညံ့သွားတယ်ဆိုရင်တော့ ပျားရည်မဟုတ်ဘဲ သကြားရည်ဖြစ်နေမှာပါ။

၃။ ဖန်ခွက်နှစ်ခွက်ယူပြီး တစ်ခွက်စီမှာ ပျားရည်အနည်းငယ် ထည့်လိုက်ပါ။ ပထမတစ်ခွက်မှာ အိုင်အိုဒင်း ၅ စက်ခန့်ထည့်ပြီး ဒုတိယတစ်ခွက်မှာလည်း ရှာလကာရည်ကို ၅ စက်ခန့် ထည့်ပါ။ အိုင်အိုဒင်းထည့်ထားတဲ့ခွက်က အပြာရောင်ပြောင်းသွားရင် ပျားရည်ထုပ်လုပ်သူတွေက ကော်မှုန့်တွေကို သုံးထားပါတယ်။ ရှာလကာရည်ထည့်ထားတဲ့ခွက်က ရှူးခနဲ အသံမြည်လာရင် မြေဖြူမှုန့်တွေ ထည့်ထားလို့ပါ။ သဘာဝပျားရည်အစစ်ဆိုရင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

၄။ မာကျောတဲ့မျက်နှာပြင်ပေါ်မှာ ပျားရည်အနည်းငယ်ကို ပုံထားလိုက်ပါ။ အဲဒီနောက် ကော်မှုနည်းငယ်ကို ပျားရည်ပေါ်ကို ဖြူးလိုက်ပါ။ ကော်မှုန့်တွေက မပျော်ဝင်သွားဘဲ ဒီတိုင်းတင်လျက်ဖြစ်နေရင် ပျားရည်စစ်ပါတယ်။

ပျားရည်ကို သိမ်းဆည်းနည်း

- ပျားရည်ကို ဖန်၊ ရွှံ့၊ သစ်သားဘူးတွေနဲ့ လေလုံအောင် သိမ်းတာ အကောင်းဆုံးပါ။

- ပျားရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အပူချိန်မြင့်တာကို မခံနိုင်ပါဘူး။ ပျားရည်ကို အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက်အထက်မှာ မသိမ်းသင့်ပါဘူး။ နောက်ပြီး အပူချိန်များတဲ့နေရာမှာလည်းမသိမ်းသင့်ပါဘူး။

- ပျားရည်ကို နေရောင်ခြည်မရတဲ့ အေးမြတဲ့နေရာမှာ သိမ်းသင့်ပါတယ်။ အဲဒီအခါ အရသာလည်းမပျက်၊ အာနိသင်လည်း မလျော့တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments