အမြင်အာရုံအားနည်းသူတွေအတွက် မျက်မှန်ကို ရွေးချယ်သင့်လား၊ မျက်ကပ်မှန်ကို ရွေးချယ်သင့်လား

အမြင်အာရုံအားနည်းလာသူတွေက မျက်မှန်တပ်ရမလား၊ မျက်ကပ်မှန်တပ်ရမလားဆိုတာကို ဝေခွဲမရဖြစ်နေတတ်ကြပါတယ်။ အဲဒါကြောင့် မျက်မှန်နဲ့ မျက်ကပ်မှန်တို့ရဲ့ အားနည်းချက်၊ အားသာချက်လေးတွေကို love media ကနေ ပြောပြပေးပါမယ်နော်။

မျက်မှန်ရဲ့အားသာချက်များ

မျက်မှန်က လေထဲကနေ ပါလာတဲ့ ဖုန်တွေ၊ အမှုန်အမွှားတွေကို ကာကွယ်ပေးပါတယ်။ မျက်လုံးနဲ့ပတ်သက်ပြီး ထိခိုက်လွယ်သူတွေက မျက်မှန်ကို ရွေးချယ်သင့်ပါတယ်။

မျက်မှန်က မျက်ကပ်မှန်လို အထူးဂရုစိုက်ပေးနေစရာ မလိုပါဘူး။ အလွယ်တကူ တပ်လိုက်ရုံပါပဲ။ မျက်မှန်ကို အချိန်ကြာကြာ တပ်ထားလို့ရပါတယ်။ မျက်မှန်က အသက်အရွယ်မရွေး အဆင်ပြေစေပါတယ်။

မျက်မှန်ကိုင်းကို မျက်နှာပုံစံပေါ်မူတည်ပြီး ရွေးချယ်ရင် စတိုင်ကျလှပနေဦးမှာပါ။ မျက်မှန်မှာ ဖုန်းနဲ့ ကွန်ပျူတာတွေကထွက်တဲ့ UV အလင်းရောင်တွေကို ကာပေးတဲ့အရာ ထည့်လို့ရပါတယ်။

မျက်မှန်ရဲ့အားနည်းချက်များ

မျက်မှန်က နှင်းကျတဲ့အခါ၊ မိုးရွာတဲ့အခါ ရေစိုသွားရင် တပ်ရတာ အဆင်မပြေပါဘူး။ အားကစားလုပ်တဲ့အခါ၊ အခြားကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာလည်း အဆင်မပြေပါဘူး။ မျက်မှန်ရဲ့ဘောင်တွေက နှာခေါင်းနဲ့ နားရွက်ပေါ်မှာ ဖိအားတွေဖြစ်စေပါတယ်။

မျက်ကပ်မှန်ရဲ့အားသာချက်များ

မျက်ကပ်မှန်က ကြည့်ရတာ ပိုပြီး အဆင်ပြေစေပါတယ်။ အားကစားလုပ်တဲ့အခါမှာလည်း မျက်ကပ်မှန်က အဆင်ပြေပါတယ်။ ရေစိုရင်တောင် မျက်ကပ်မှန်က အခိုးမရိုက်ပါဘူး။ မျက်မှန်လို ရေစိုရင် ချွတ်ထားစရာမလိုပါဘူး။ မျက်ကပ်မှန်ကို အရောင်လေးတွေနဲ့ ရွေးချယ်လို့ရပါသေးတယ်။

မျက်ကပ်မှန်ရဲ့အားနည်းများ

မျက်ကပ်မှန်က မျက်မှန်ထက် ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးလုပ်တာ၊ သိမ်းတာတွေမှာ အနည်းငယ် ဂရုစိုက်ပေးဖို့ လိုပါတယ်။ သေချာသန့်ရှင်းရေးမလုပ်ရင် မျက်လုံးထဲကို ပိုးဝင်နိုင်ပါတယ်။

မျက်ကပ်မှန်က မျက်လုံးအတွက် လိုအပ်တဲ့အောက်ဆီဂျင်ကို လျှော့ချတာကြောင့် မျက်လုံးခြောက်သွေ့တဲ့ရောဂါကို ရစေနိုင်ပါတယ်။ မျက်ကပ်မှန်ကို တပ်ရတာ မျက်မှန်ထက် ပိုပြီး ဈေးကြီးပါတယ်။

သေချာဂရုမစိုက်တဲ့အခါ မျက်ကပ်မှန်ကပ် ပျောက်ရှလွယ်ပါတယ်။ အချို့သူတွေအတွက် မျက်ကပ်မှန်တပ်တဲ့အချိန်၊ ချွတ်တဲ့အချိန်မှာ အဆင်မပြေပါဘူး။

ဘာက ပိုကောင်းလဲ။

မျက်မှန်ကို အချိန်အကြာကြီးတပ်လာသူတွေက မျက်ကပ်မှန်ကို ပြောင်းတပ်မယ်ဆိုရင် အနည်းငယ်အခက်တွေ့နိုင်ပါတယ်။ မျက်ကပ်မှန်ရော မျက်မှန်မှာပါ အားနည်းချက်၊ အားသာချက်တွေ ရှိကြပါတယ်။ မျက်ကပ်မှန်ကို ပုံမှန်တပ်နေသူက မျက်မှန်ကိုလည်း ဆောင်ထားသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments