ညဘက်မှာ အချိန်မှန် လန့်နိုးတာကို သင်ကြုံဖူးပါလိမ့်မယ်။ ဥပမာအားဖြင့် ည ၂ နာရီထိုးဆိုရင် ပုံမှန်နိုးလာတာပါ။ အဲဒါကို တရုတ်ဆေးပညာမှာတော့ ခန္ဓာကိုယ်အတွင်းထဲက နာရီကြောင့် နိုးလာတယ်လို့ ဆိုပါတယ်။
ညဘက်မှာ ပုံမှန်နိုးလာရတဲ့အကြောင်းအရင်းနဲ့ ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ည ၉ နာရီကနေ ည ၁၁ နာရီအတွင်း နိုးလာခြင်း
သင့်မှာ စိတ်ဖိစီးစရာတွေ၊ စွဲလမ်းစရာအတွေ့အကြုံတွေ၊ အပြစ်လိုခံစားချက်တွေ၊ ဟော်မုန်းမညီမျှမှု၊ သိုင်းရွိုက်ကမောက်ကမဖြစ်မှု စသဖြင့် ခံစားရတဲ့အခါ ည ၉ နာရီကနေ ည ၁၁ နာရီအတွင်း လန့်နိုးလာတတ်ပါတယ်။
အိပ်ချိန်မှန်ကန်ဖို့ လိုအပ်ပြီး ည ၁၀ နာရီခွဲကို နောက်အကျဆုံးထားပြီး အိပ်ရာဝင်သင့်ပါတယ်။ အဲဒီအခါ ည ၁၁ နာရီလောက်ဆိုရင် အိပ်ပျော်သွားလောက်မှာပါ။
ည ၁၁ နာရီကနေ ည ၁ နာရီအတွင်း နိုးလာခြင်း
ဆီးအိမ်ရဲ့လုပ်ဆောင်မှုတွေ မှားယွင်းနေတဲ့အခါ၊ အားနည်းနေတဲ့အခါ၊ စိတ်ခံစားချက်တွေများတဲ့အခါ၊ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိတဲ့အခါ၊ ရှက်ကြောက်စိတ်တွေများနေတဲ့အခါ၊ ကိုလက်စထရောတွေများနေတဲ့အခါမှာ ည ၁၁ နာရီကနေ ည ၁ နာရီအတွင်း နိုးလာလေ့ရှိပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့သောက်စရာတွေ၊ ဆေးလိပ်အရက်နဲ့ အဆီတွေကို ရှောင်သင့်ပါတယ်။
ည ၁ နာရီကနေ မနက် ၃ နာရီအတွင်း နိုးလာခြင်း
ဒီအချိန်မှာတော့ အသည်းက အလုပ်လုပ်ပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနေတဲ့အချိန်ပါ။ ဒီလိုအချိန်မှာနိုးလာရင် ခေါင်းကိုက်တာကို ခံစားရတတ်ပါတယ်။
သင့်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အမူအကျင့်တွေ ရှိနေတဲ့အခါ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကို အမြဲစားမိတဲ့အခါ ည ၁ နာရီကနေ မနက် ၃ နာရီအတွင်း နိုးလာလေ့ရှိပါတယ်။
မနက် ၃ နာရီကနေ မနက် ၅ နာရီအတွင်း နိုးလာခြင်း
ဒီအချိန်တွေမှာတော့ အဆုတ်က အလုပ်လုပ်ပါတယ်။ အဆုတ်နဲ့ပတ်သက်ပြီး ပြဿနာရှိတဲ့အခါ၊ ဝမ်းနည်းမှုဆွေးမှုများတဲ့အခါ၊ ရင်ဘတ်အောင့်တဲ့အခါ မနက် ၃ နာရီကနေ မနက် ၅ နာရီအတွင်း နိုးလာတတ်ပါတယ်။ အဲဒါကြောင့် မအိပ်ခင်မှာ အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။
မနက် ၅ နာရီကနေ မနက် ၇ နာရီအတွင်း နိုးလာခြင်း
ဒီအချိန်မှာတော့ အူမကြီးက အလုပ်လုပ်ပါတယ်။ အညစ်အကြေးစွန့်ချင်တဲ့အခါမှာတော့ မနက် ၅ နာရီကျော်ကျော်လောက်နဲ့ နိုးလာတတ်ပါတယ်။ အူမကြီးကျန်းမာရေးအတွက် အမျှင်ဓာတ်ကို များများစားပြီး ရေကို များများသောက်ပေးသင့်ပါတယ်။
Zombie (lovemedia)
0 Comments