ခန္ဓာကိုယ်ပုံစံနဲ့လိုက်ဖက်တဲ့ဘောင်းဘီကို အလွယ်ဆုံးရွေးချယ်နည်း

ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်တဲ့ဘောင်းဘီကို ရွေးချယ်တဲ့အခါ အရမ်းကို စမတ်ကျလှပသွားပြီး သက်တောင့်သက်သာရှိစေမှာပါ။ အဲဒါကြောင့် သင့်ခန္ဓာကိုယ် အမျိုးအစားပေါ်မူတည်ပြီး ဘယ်လိုဘောင်းဘီတွေကို ရွေးချယ်သင့်လဲ၊ ဘယ်လိုဘောင်းဘီတွေကို ရှောင်သင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

တြိဂံဇောက်ထိုးပုံစံခန္ဓာကိုယ်

ဒီလိုခန္ဓာကိုယ်ပိုင်ရှင်တွေက ပုခုံးကျယ်ပြီး တင်ပါးက သေးနေတတ်ပါတယ်။ တြိဂံဇောက်ထိုးပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေက အသားကပ်နေတဲ့ ဘောင်းဘီတွေနဲ့ ဆိုရင် မလိုက်ဖက်ပါဘူး။

ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို မျှတသွားစေတဲ့ ပွပွချောင်ချောင် ဘောင်းဘီတွေကို အင်္ကျီခါးတိုလေးတွေနဲ့ တွဲဝတ်ရင်တော့ အရမ်းကို မိမိုက်သွားစေမှာပါ။

သဲနာရီပုံစံခန္ဓာကိုယ်

ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်း အချိုးအစားညီမျတဲ့ သဲနာရီပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေက အရမ်းကို ခန္ဓာကိုယ်လှပသူတွေပါ။ အဝတ်အစား တော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။

ဒါပေမယ့် ခပ်ပွပွဘောင်းဘီတွေနဲ့တော့ မလိုက်ဖက်ပါဘူး။ ခါးအလှကို ပေါ်လွင်စေတဲ့ ခါးမြင့်ဘောင်းဘီတွေနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေတဲ့ဘောင်းဘီတွေကို ရွေးချယ်နိုင်ပါတယ်။

သစ်တော်သီးပုံစံခန္ဓာကိုယ်

သစ်တော်သီးပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေက အိတ်ကပ်အကြီးကြီးတွေ၊ ပန်းပွင့်အကြီးကြီးတွေ၊ အစင်းကြောင်းအကြီးကြီးတွေ ပါဝင်တဲ့ဘောင်းဘီတွေကို မရွေးသင့်ပါဘူး။ အသားမှာ ချပ်ကပ်နေတဲ့ဘောင်းဘီက ခန္ဓာကိုယ်အောက်ပိုင်း ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ခေါင်းလောင်းဘောင်းဘီက ရွေးချယ်သင့်တဲ့ဘောင်းဘီအမျိုးအစားပါ။

လေးထောင့်ပုံစံခန္ဓာကိုယ်

ခါးကောက်ကြောင်း သိပ်မပေါ်လွင်ဘဲ လေးထောင့်ဆန်ဆန်ခန္ဓာကိုယ်ပိုင်ရှင်တွေက တဖြောင့်တည်းကွက်တိဖြစ်နေတဲ့ ဘောင်းဘီတွေနဲ့ဆိုရင် ခန္ဓာကိုယ်အလှက မထင်ရှားတော့ပါဘူး။ အိပ်ကပ်များများပါတဲ့ဘောင်းဘီ၊ အတွန့်တွေ များများပါဝင်တဲ့ဘောင်းဘီ၊ အောက်နားခေါက်တင်ထားတဲ့ ဘောင်းဘီတွေနဲ့ အထူးလိုက်ဖက်ပါတယ်။

ပန်းသီးပုံစံခန္ဓာကိုယ်

ပန်းသီးပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေက အောက်ပိုင်းကို သွယ်သွားတဲ့ဘောင်းဘီတွေ၊ ခါးမြင့်ဘောင်းဘီတွေကို ရှောင်သင့်ပါတယ်။ ခါးအရမ်းမမြင့်တဲ့ဘောင်းဘီ၊ အောက်ပိုင်း ကားနေတဲ့ဘောင်းဘီ‌၊ ဘေးဘက်မှာ အိတ်ကပ်လေးတွေ ပါဝင်တဲ့ဘောင်းဘီတွေက ရွေးချယ်ဖို့သင့်တော်တဲ့ဘောင်းဘီ အမျိုးအစားတွေပါ။

Bonus

ပေါင်နဲ့ ခြေသလုံးကြီးတဲ့အမျိုးသမီးတွေက တစ်ဖြောင့်တည်းဖြစ်နေတဲ့ဘောင်းဘီ၊ ခပ်ပွပွဘောင်းဘီတို့ကို ရွေးချယ်သင့်ပါတယ်။

ခြေတံတိုတဲ့အမျိုးသမီးတွေကတော့ အောက်ပိုင်းကို အရမ်းသွယ်ရှူးသွားတဲ့ဘောင်းဘီတွေကို မရွေးဘဲ ဒူးနားလောက်ကနေ ခပ်ဝဲဝဲလေးဖြစ်သွားတဲ့ဘောင်းဘီကို ရွေးချယ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments