သက်ရှိဘုရား မပြစ်မှားနဲ့

တခါက နေ့စဉ် လယ်ထဲ ဆင်းပြီး ဝမ်းစာ ရှာရတဲ့ လယ်သမား သားအဖ ၂ ယောက် ရှိတယ်။ အဖေဖြစ်သူ လယ်သမားကြီးဟာ အသက်အရွယ် ရလာတာနဲ့ အမျှ ပင်ပန်းမှု ဒဏ်ကို မခံနိုင် ရှာတော့။

အဖေဖြစ်သူဟာ အလုပ်ကို အနည်းငယ်သာ လုပ်ကိုင်ပြီး ပင်ပန်းတာနဲ့ တနေရာမှာ ထိုင်ရင်း သားဖြစ်သူ လုပ်တာကိုသာ ထိုင်ကြည့်နေ ရတယ်။

ဒီလို ရက်တွေ များလာတော့ သားဖြစ်သူက "ငါ့အဖေက အလုပ် မလုပ်နိုင်တော့ဘူး၊ တနေ့ တနေ့ ငါချည်း လုပ်နေရတယ်။ သူအသက်ရှင်နေတာ ဘာတန်ဖိုးမှ မရှိဘူး" လို့ တွေးမိတယ်။

အဲဒါနဲ့ သားဖြစ်သူ လယ်သမားဟာ သစ်သားနဲ့ အခေါင်း တခေါင်းကို လုပ်တယ်။ အခေါင်း လုပ်ပြီးတော့ အဖေ လယ်သမားကြီးကိုခေါ်ပြီး အခေါင်းထဲ ဝင်စေတယ်။

အဖေဖြစ်သူလည်း ဘာမှ ပြန်မပြောပဲ ကြည်ကြည် ဖြူဖြူနဲ့ပဲ အခေါင်းထဲ ဝင်လှဲနေလိုက်တယ်။

ဒီနောက်မှာ သားဖြစ်သူက အခေါင်းဖုံးကို ပိတ်လိုက်ပြီး၊ သူတို့ လယ်ရဲ့ တဖက် တောင်ကုန်းဆီကို သယ်လာခဲ့တယ်။ တောင်ကုန်းရဲ့ ဟိုဘက်မှာ အဖေဖြစ်သူကို မြှုပ်မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

ဒီလိုနဲ့ မြှုပ်ရမယ့် နေရာကို ရောက်တော့၊ အခေါင်းကို ချပြီး မြေကျင်း တူးတော့တယ်။ ခဏနေတော့ အခေါင်းဖုံးကို တဒေါက်ဒေါက် ခေါက်သံ ကြားလိုက်ရတယ်။

အဲဒါနဲ့ သားဖြစ်သူဟာ မြေကျင်း တူးလက်စက ခဏရပ်ပြီး အခေါင်းဖုံးကို ဖွင့်ပေးလိုက်တယ်။ "ဘာပြောမလို့လဲ"

"ငါ့သား၊ မင်း ငါ့ကို မြှုပ်ချင်ရင် မြှုပ်ပါ။ ဒါပေမယ့် ငါ့ချည်းပဲ မြှုပ်၊ ဒီအခေါင်းလေးတော့ ပြန်ယူသွားပါ။ တချိန်ကျ မင်း သားသမီးတွေလည်း ဒါကို လိုလာနိုင်တယ်"

ဒီစကားကြားတော့ သားဖြစ်သူ အတော်လေး တုန်လှုပ်သွားပြီး အကြီအကျယ် မှားမှန်းလည်း သိသွားတယ်။ ထို့နောက်မှာတော့ ဖခင်ကို ပြန်ရှိခိုးတောင်းပန်ပြီး အိမ်ကို ပြန်ခေါ်သွား ပါတော့တယ်။

မိဘတွေ ဆိုတာ သက်ရှိဘုရား တဆူပါ။ တန်ဖိုးအလေးထား ဆက်ဆံကြပါလို့ တိုက်တွန်းရင်း။ phoomyatchal

Post a Comment

0 Comments