ညဘက်မှာ အိပ်နေရင်းနဲ့ လက်တစ်လျှောက်ထုံကျင်လာရတဲ့ အကြောင်းအရင်းများ

ညတစ်ရေးနိုးလာတဲ့အခါမှာ လက်မောင်းက ထုံကျင်နေတဲ့ခံစားချက်ကို သင်ကြုံဖူးကောင်း ကြုံဖူးမှာပါ။ တစ်ခါတရံမှာ အရေပြားကို အပ်နဲ့ ထိုးလိုက်သလို နာကျင်မှုမျိုးကိုလည်း ခံစားရတတ်ပါတယ်။

အဲဒါကြောင့် ညဘက်မှာ အိပ်နေရင်းနဲ့ လက်တစ်လျှောက်ထုံကျင်လာရတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ညဘက်မှာ အိပ်နေရင်းနဲ့ လက်တစ်လျှောက် ထုံကျင်လာတာကို paresthesi လို့ ခေါ်ကြပါတယ်။ paresthesi က အခြားဘာလက္ခဏာမှ မပြဘဲ ဖြစ်ပေါ်တတ်ပါတယ်။ နာဗ်ကြောလေးတွေမှာ ဖိအားတွေ ဖြစ်ပေါ်လာတာကြောင့်လည်း paresthesi ဖြစ်တတ်ပါတယ်။

paresthesi ဖြစ်တာက များသောအားဖြင့် ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမယ့် မကြာခဏ ဖြစ်နေတယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။

အိပ်နေရင်းနဲ့ လက်တစ်လျှောက်ထုံကျင်လာရတဲ့ အကြောင်းအရင်းများ

အိပ်တဲ့ပုံစံ

မှောက်ပြီးအိပ်တဲ့အခါ လက်ကို ဖိမိနေတတ်ပါတယ်။ အဲဒီအခါ လက်ရဲ့နာ‌ဗ်ကြောလေးတွေမှာ ဖိအားတွေဖြစ်လာပြီး ထုံကျင်လာတတ်ပါတယ်။ အိပ်တဲ့အခါ လက်ကို ခန္ဓာကိုယ်နဲ့ ဖိပြီးမအိပ်ရင် လက်တစ်လျှောက်ထုံကျင်တာတွေ လျော့ပါးသွားမှာပါ။

အကြောကပ်ခြင်း

ပုခုံးကနေ တံတောင်ဆစ်အထိ သွားတဲ့ ulnar နာဗ်ကြောလေးတွေက လက်တစ်လျှောက်အာရုံခံစားမှုရအောင် လုပ်ဆောင်ပေးပါတယ်။ အိပ်နေရင်းနဲ့ ulnar နာဗ်ကြော ကပ်သွားတဲ့အခါ လက်တစ်လျှောက်ထုံကျင်တာကိုခံစားရပါတယ်။

အဲဒီလိုထုံကျင်မှုက သူ့အလိုလို ပျောက်သွားပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာတော့ ၂ ရက်ခန့် ကြာတတ်ပါတယ်။ အဲဒီအခါမှာတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဗီတာမင် ဘီ ၁၂ ချို့တဲ့ခြင်း

ဗီတာမင်ဘီ ၁၂ ကို အသား၊ ငါး၊ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်ဘီ ၁၂ က နာဗ်ကြောတွေနဲ့ သွေးဆဲလ်တွေကို ကျန်းမာစေပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် ဘီ၁၂ ချို့တဲ့တဲ့အခါ နာဗ်ကြောနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေပါတယ်။

စိတ်ဖိစီးမှု

ခန္ဓာကိုယ်မှာ စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေ ထွက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်တဲ့အနေနဲ့ လက်က ထုံကျင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုက ကြွက်သားတွေကိုလည်း တင်းမာစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှုမကောင်းတဲ့အခါမှာလည်း လက်ကို အပ်နဲ့ထိုးသလို ခံစားချက်မျိုးရရှိတတ်ပါတယ်။

အခြားကျန်းမာရေးပြဿနာများ

ခန္ဓာကိုယ်မှာ အာရုံကြောစနစ်နဲ့ပတ်သက်ပြီး အားနည်းတဲ့အခါ၊ ပြဿနာရှိတဲ့အခါ အပ်နဲ့ထိုးသလို ခံစားမှု၊ ထုံကျင်တဲ့ခံစားမှုကို ကြုံတွေ့ရတတ်ပါတယ်။ ကြွက်သားအားနည်းတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်တာကြောင့် မကြာခဏခံစားနေရတဲ့အခါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အိပ်နေရင်းနဲ့ လက်မထုံကျင်အောင် ရှောင်ရှားနိုင်မယ့်နည်းလမ်းများ

လေ့ကျင့်ခန်းလုပ်ပါ။

ဖိအားတွေ လျော့သွားတဲ့အခါမှာတော့ လက်တစ်လျှောက်က အာရုံခံစားမှုတွေက ပြန်ရလာပါတယ်။ လက်ကို လှုပ်ခါပေးတာ၊ လက်မောင်းကို မြှောက်လိုက်ချလိုက်လုပ်တာ၊ ဘေးကို လွှဲတာ၊ ပုခုံးကို မြှင့်လိုက်ချလိုက်လုပ်တာ စတဲ့လေ့ကျင့်ခန်းတွေက ပုခုံးက ကြွက်သားတွေ တင်းမာနေတာကို ပြေလျော့စေပါတယ်။

အိပ်နေတဲ့အခါမှာ လက်ကို ပုဝါနဲ့ပတ်ထားပါ။

အိပ်နေတဲ့အခါမှာ လက်ကို ပုဝါနဲ့ ခပ်လျော့လျော့လေး ပတ်ထားတာက လက်ကို မကွေးမိအောင် ကူညီပေးနိုင်ပါတယ်။ အိပ်နေရင်းလည်း လက်ကို ခန္ဓာကိုယ်နဲ့ မဖိမိတော့ပါဘူး။

ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ ဗီတာမင်မချို့တဲ့တဲ့အခါမှာတော့ နာဗ်ကြောနာကျင်မှုတွေ ကင်းဝေးသွားမှာပါ။

ကုသမှု

မကြာခဏ ထုံကျင်တာ၊ အပ်နဲ့ထိုးသလိုနာကျင်တာမျိုး ခံစားရတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။

သတိထားသင့်သော လက္ခဏာ

လက်တစ်လျှောက် ရုတ်တရက် ထုံကျင်လာတာက လေဖြတ်တော့မယ့်လက္ခဏာလည်း ဖြစ်ပါတယ်။ လက်တစ်လျှောက် ထုံကျင်လာတဲ့အပြင် မူးတာ၊ အကြောကပ်တာ၊ စကားပြောရခက်ခဲလာတာ၊ ဟန်ချက်မညီတာ၊ အလွန်အမင်းခေါင်းကိုက်လာတို့ဖြစ်တဲ့အခါ အရေးပေါ်အကူအညီလိုအပ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments