ရှားစောင်းလက်ပတ်ကို အလှအပအတွက် အသုံးပြုနိုင်တဲ့ နေရာ (၆) ခု

ရှားစောင်းလက်ပတ်ကို အလှအပပစ္စည်းတွေမှာရော ဆေးဝါးတွေမှာပါ အသုံးပြုကြပါတယ်။ ရှားစောင်းလက်ပတ်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး အသားရေကို ရေဓာတ်ဖြည့်ပေးနိုင်တဲ့အစွမ်း ရှိပါတယ်။

ရှားစောင်းလက်ပတ်ကို အလှအပအတွက် ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်နှာကို အဆီမပြန်အောင် ထိန်းပေးခြင်း

သင့်ရဲ့အသားအရေက အဆီပြန်တဲ့အသားအရေဆိုရင် ရှားစောင်းလက်ပတ်ကို အဆီပြန်တာကို ထိန်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

- ခွက်တစ်လုံးထဲမှာ ရှားစောင်းလက်ပတ်ဂျယ်လ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ။

- အသုံးပြုနေကျ အောက်ခံမိတ်ကပ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ထည့်ပါ။

- ပါဝင်ပစ္စည်းနှစ်မျိုးကို ပျစ်သွားတဲ့အထိ မွှေပေးပါ။

- အဲဒီနောက် မျက်နှာမှာ နှံ့သွားအောင် လိမ်းလို့ရပါပြီ။ ဒီနည်းက အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် မိတ်ကပ်လိမ်းပြီးနောက် အဆီမပြန်အောင်၊ မိတ်ကပ်မကွက်အောင် ကူညီပေးပါတယ်။

၂။ လက်ကို ရေဓာတ်ဖြည့်ပေးခြင်း

လက်တွေက အမြဲလိုလိုခြောက်သွေ့နေတယ်ဆိုရင် ရှားစောင်းလက်ပတ်ကိုအသုံးပြုပြီး စိုပြေသွားအောင် ပြုလုပ်လို့ရပါတယ်။ ရှားစောင်းလက်ပတ်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့အစွမ်းရှိပြီး အရေပြားကို အာဟာရဖြည့်ပေးပါတယ်။

- ရှားစောင်းလက်ပတ်ဂျယ်လီအနည်းငယ်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရောမွှေပါ။

- ကြေညက်သွားအောင် မွှေပါ။

- အဲဒီနောက် လက်မှာ လိမ်းပေးပြီး လက်ကို နှိပ်နယ်ပေးပါ။ လိမ်းပြီးနောက် ၁၅ မိနစ်ခန့် ခြောက်သွေ့သွားအောင် ထားပါ။ ပြီးရင်တော့ ရေများများနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းကို နေ့စဉ်ပြုလုပ်ပေးလို့ ရပါတယ်။

၃။ ဆံပင်ကို ပုံကျလှပစေခြင်း

ဆံပင်ကို ပုံသွင်းဖို့ ဂျယ်လ်လိုအပ်တယ်ဆိုရင် ဂျယ်လ်နေရာမှာ ရှားစောင်းလက်ပတ်ကို အသုံးပြုလို့ရပါတယ်။ ရှားစောင်းလက်ပတ်ကို ပုံမှန်လိမ်းပေးရင် ဆံသားနူးညံ့ပြီး တောက်ပြောင်လှပလာမှာပါ။

- ရှားစောင်းလက်ပတ်ကို ဂျယ်လ်လေးတွေ ထွက်လာတဲ့အထိ ထုပေးပါ။

- ရလာတဲ့ဂျယ်လ်လေးတွေကို ဆံပင်အရင်းကနေ အဖျားအထိ နှံ့အောင် လိမ်းပေးပါ။

၄။ မျက်နှာက အရေးအကြောင်းတွေကို လျှော့ချပေးခြင်း

ရှားစောင်းလက်ပတ်မှာ အင်တီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်တွေ ပါဝင်နေတာကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ မျက်နှာက အရေးအကြောင်းတွေကို လျှော့ချပေးတာပါ။

- ရှားစောင်းလက်ပတ်ကို လေးထောင့်အတုံးလေးတွေဖြစ်အောင် လှီးပြီး ထက်ခြမ်းခြမ်းလိုက်ပါ။

- ရှားစောင်းလက်ပတ်နဲ့ မျက်နှာက အရေးအကြောင်းရှိတဲ့နေရာတွေကို ပွတ်တိုက်ပေးပါ။

- နှာခေါင်းကို ပွတ်တိုက်ပေးလို့လည်း ရပါတယ်။

- ဒါပေမယ့် မျက်လုံးကို မထိမိစေဖို့ ဂရုပြုပါ။

- ရှားစောင်းလက်ပတ်နဲ့ မျက်နှာကို ပွတ်တိုက်ပြီး မိနစ် ၃၀ ကြာတဲ့အခါ မျက်နှာသစ်လိုက်လို့ရပါပြီ။

၅။ မျက်ခုံးထူလာစေခြင်း

သင်က မျက်ခုံးပါးသူတစ်ယောက်ဆိုရင်တော့ မျက်ခုံးထူလာစေဖို့ ရှားစောင်းလက်ပတ်က ကူညီပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့အာဟာရဓာတ်တွေက မျက်ခုံးကို ရေဓာတ်ဖြည့်ပေးပါတယ်။

- ရှားစောင်းလက်ပတ်ဂျယ်လ်ကို mascara brush နဲ့ယူပြီး မျက်ခုံးမှာ ဆွဲပေးပါ။

၆။ အမွေးအမျှင်တွေ ရှင်းလင်းပြီးနောက် အရေပြားနာကျင်မှုကို သက်သာစေခြင်း

ရှားစောင်းလက်ပတ်က အသားအရေနာကျင်တာ၊ နီမြန်းတာကိုလည်း သက်သာစေပါတယ်။ မုတ်ဆိတ်ရိတ်ပြီးချိန်၊ အရေပြားပေါ်က အမွေးအမျှင်တွေ ဖယ်ရှားပြီးချိန်မှာ နာကျင်တာကို ရှားစောင်းလက်ပတ်က သက်သာစေပါတယ်။

- ရှားစောင်းလက်ပတ်တစ်ရွက်ကို ထက်ခြမ်းခြမ်းလိုက်ပြီး အမွေးအမျှင်ဖယ်ရှားထားတဲ့ အရေပြားပေါ်မှာ ပွတ်တိုက်ပေးပါ။

- ပွတ်တိုက်ပေးပြီးနောက် စိမ့်ဝင်သွားစေဖို့ ၁၅ မိနစ်ခန့် ထားပါ။ အဲဒီနောက် ရေများများနဲ့ ဆေးချလိုက်လို့ရပါပြီ။

ရှားစောင်းလက်ပတ်ကို စားခြင်းရဲ့အကျိုးကျေးဇူးများ

ရှားစောင်းလက်ပတ်ကို စားပေးတဲ့အခါ ရင်ပူတာ၊ အစာအိမ်နာတာ သက်သာပါတယ်။ သွေးထဲက သကြားဓာတ်တွေကို လျော့ကျစေပြီး သွားပေါ်မှာ ကပ်နေတဲ့ဘက်တီးရီးယားတွေကိုလည်း ကင်းဝင်းသွားစေပါတယ်။

- ရှားစောင်းလက်ပတ်ကို လှီးပြီး ဂျယ်လ်ကို စားလို့ရပါတယ်။ သူ့ရဲ့အရသာက ဆိုးပေမယ့် ကောင်းကျိုးကတော့ အများကြီးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments