Skin care ပေမယ့် အိုမင်းရင့်ရော်လွယ်စေတဲ့ နေ့စဉ်အပြုအမူ (၈) ခု

Skin care လုပ်ရတာဟာ အချိန်တွေ၊ ငွေတွေကုန်ပါတယ်။ အသားအရေလှပဖို့၊ အမြဲတမ်းနုပျိုနေဖို့ skin care လုပ်ပေမယ့် နေ့စဉ်လုပ်မိတဲ့အပြုအမူတချို့ကြောင့် အသားအရေမလှလာဘဲ အိုမင်းရင့်ရော်တာကို မြန်လာစေပါတယ်။

ဘယ်လိုအပြုအမူတွေက အိုမင်းရင့်ရော်လွယ်စေလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပိုက်နဲ့ စုပ်သောက်ခြင်း

ပလက်စတစ်ပိုက်တွေက သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတဲ့အပြင် အသားအရေကိုပါ မလှမပစေပါတယ်။ အရည်တွေကို နေ့စဉ်နီးပါး ပိုက်နဲ့စုပ်သောက်ရင် နှုတ်ခမ်းတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ အရည်တွေကို ပိုက်နဲ့ စုပ်သောက်တာကို တတ်နိုင်သလောက် ‌ရှောင်သင့်ပါတယ်။

၂။ အချိုများတဲ့အစားအစာတွေကို စားသောက်ခြင်း

အချိုများတဲ့အစားအစာ၊ အခ်ျိုရည်တွေက ကိုယ်အလေးချိန်တက်စေပါတယ်။ နောက်ထပ်ဆိုးကျိုးကတော့ မျက်နှာဖောင်းကားကားဖြစ်နေတာ၊ အရေးအကြောင်းတွေ ပိုများလာစေတာပါ။ Skin care ပေမယ့် အချိုကို မလျှော့ချတဲ့အခါ အသားအရေက ထင်သလောက် မစိုပြေနိုင်ပါဘူး။

၃။ အိပ်ရေးဝဝမအိပ်ခြင်း

အမြဲတမ်းနုပျိုဖို့၊ အသားအရေလှဖို့ဆိုရင် တစ်နေ့ကို အိပ်ချိန် ၇ နာရီ ရှိသင့်ပါတယ်။ အိပ်ချိန်နည်းပါးရင် ပင်ပန်းနွမ်းနယ်ပြီး မြန်မြန်အိုစာလွယ်ပါတယ်။ အိပ်ရေးပျက်တာက နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးကိုပါ ထိခိုက်စေပါသေးတယ်။ သင်က ကြွက်သားတက်ဖို့ ကြိုးစားနေသူဆိုရင် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။

၄။ နေကာမျက်မှန်မတပ်ခြင်း

နေ့ဘက်မှာ အပြင်သွားတဲ့အခါ နေကာမျက်မှန်တပ်သင့်ပါတယ်။ နေကာမျက်မှန်က မျက်လုံးကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ နေကာမျက်မှန်တပ်တာကြောင့် မျက်လုံးတစ်ဝိုက်နဲ့ နဖူးတစ်ဝိုက်က အရေးအကြောင်းတွေကို အနည်းငယ်ကာကွယ်ပြီးဖြစ်စေပါတယ်။

၅။ ကိုယ်အလေးချိန်လျှော့ချတဲ့ပုံစံ မှားယွင်းခြင်း

ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဝိတ်ချနည်းပုံစံတွေက သင့်ကို မြန်မြန်အိုမင်းလွယ်စေပါတယ်။ စားသောက်မှုပုံစံမမှန်တာကြောင့် ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ လျော့ပါးပြီး အာရုံစိုက်နိုင်မှု လျော့နည်းလာပါတယ်။ ကိုယ်အလေးချိန်လျှော့ချတာ ကောင်းပေမယ့် တစ်ပတ်ကို ၂ ပေါင်ခန့်သာ လျှော့ချသင့်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် အချိန်မပေးခြင်း

နေ့စဉ်အလုပ်တွေများနေတယ်ဆိုပေမယ့် ကိုယ်ပိုင်အချိန်လည်း ရှိသင့်ပါတယ်။ ကိုယ်ပိုင်အချိန်မှာ ဝါသနာပါတဲ့အရာတွေ၊ စိတ်အပန်းပြေစရာတွေ၊ အသစ်အဆန်းလေ့လာတာတွေက စိတ်ကိုလည်း လန်းဆန်းစေသလို ခန္ဓာကိုယ်လည်း နုပျိုစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာစေပါတယ်။

၇။ စိတ်ကျန်းမာရေးကို လျစ်လျူရှုထားခြင်း

စိတ်ဓာတ်ကျတာက ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ အမြဲတမ်းစိတ်မကြည်မလင်ဖြစ်နေရင် အသားအရေတွေလည်း လှတော့မှာ မဟုတ်ပါဘူး။ စိတ်ပျော်ရွှင်တာက နုပျိုစေတဲ့အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။

၈။ လေ့ကျင့်ခန်းမလုပ်ခြင်း

ကိုယ်လက်လှုပ်ရှားမှုမရှိတာက လူကို မြန်မြန်အိုမင်းလွယ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက စိတ်ကိုလည်း လန်းဆန်းဖို့ ကူညီပေးပါတယ်။ လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာတွေကို တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments