တခါတုန်းက ဘုရင်ကြီးတပါး ရှိတယ်။ အဲ့ဒီ ဘုရင်ကြီးဟာ စည်းစိမ်ဥစ္စာနဲ့ နေထိုင်ရပေမယ့် ပျော်ရွှင်မှု မရှိသလို တင်းတိမ် ရောင့်ရဲ မှုလည်း မရှိဘူး။ တနေ့မှာတော့ အလုပ်လုပ်ရင်းနဲ့ ပျော်ရွှင်စွာ သီချင်းဆို နေတဲ့ အစေခံ တယောက်ကို မထင်မှတ်ပဲ ဘုရင်ကြီး တွေ့သွားတယ်။
အဲ့ဒီမြင်ကွင်းကို ကြည့်ပြီး ဘုရင်ကြီးဟာ အလွန်ပဲ နှစ်သက်တော် မူတယ်။ တဆက်တည်းမှာပဲ ငါ့လို ရေမြေ့သခင် အစိုးရပိုင်ရှင်က ပျော်ရွှင်မှုမရှိပဲ ပူဆွေးနေချိန်မှာ ဒီ နုံချာလှတဲ့ အစေခံက အရမ်းကို ပျော်ရွှင်နေပါလား လို့ တွေးမိလိုက်တယ်။ ဒါနဲ့ဘုရင်ကြီးက အစေခံလေးကို "မင်းဘာကြောင့် ဒီလောက်တောင် ပျော်နေရတာလဲ မောင်မင်း" လို့ မေးလိုက်တယ်။
ထိုအခါ အစေခံလေးက "မှန်လှပါ မင်းကြီး၊ ကျွန်တော်မျိုးဟာ နုံချာလှတဲ့ အစေခံ တယောက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ မိသားစုဟာ အမိုးမိုးပေးတဲ့ ခေါင်းထက်က ခေါင်မိုးရယ်၊ ဗိုက်ပြည့်စေမယ့် ပူနွေးတဲ့ အစားအသောက်က လွဲရင် လိုအပ်တဲ့ အရာတွေ သိပ်မရှိလှ ပါဘူး။ ဒါကြောင့် ပျော်ရွှင်နေပါတယ်" လို့ လျှောက်တင် လိုက်တယ်။
ဘုရင်ကြီးဟာ အစေခံလေးရဲ့ အဖြေကို စိတ်တော်ထဲ သိပ်မတွေ့လှ တာကြောင့် နောက်တရက်မှာ သူ အယုံကြည်ရဆုံး ဖြစ်တဲ့ အတိုင်ပင်ခံ တယောက်ကို အကြံဉာဏ် တောင်းလိုက်တယ်။
အတိုင်ပင်ခံကြီးဟာ ဘုရင်ကြီး မပျော်မရွှင်နဲ့ ဝမ်းနည်းနေတဲ့အကြောင်းရယ်၊ အစေခံလေးရဲ့ အကြောင်းကို ကြားလိုက်ရတဲ့ အခါမှာ အရှင်မင်းကြီး အစေခံကျွန်ဟာ "အဖွဲ့ (၉၉) ထဲက အဖွဲ့ဝင်တယောက် မဟုတ်ကြောင်းကို ကျွန်တော်မျိုး ယုံကြည်ပါတယ် ဘုရား" လို့ ပြန်လျှောက်တင် လိုက်တယ်။
"အဖွဲ့ (၉၉) ဟုတ်လား၊ အဲ့ဒါဘာတုန်း အတိုင်ပင်ခံကြီးရဲ့" လို့ ဘုရင်ကြီးကလည်း ပြန်မေးလိုက်တာပေါ့။ "အရှင်မင်းကြီး၊ အဖွဲ့(၉၉) ဆိုတာ ဘာလဲ သိရအောင် ရွှေဒင်္ဂါးပြား ၉၉ ပြားကို အိတ်တအိတ်နဲ့ ထည့်ပြီး အဲဒီအိတ်ကို အစေခံကျွန် သွားတဲ့ လမ်းဝမှာ ချပေးထားပါ ဘုရား" လို့ ပြန်လျှောက်တင် လိုက်တယ်။
ထို့နောက်မှာတော့ အစေခံလေးဟာ အဲ့ဒီ ရွှေဒင်္ဂါးပြား ၉၉ ပြား ထည့်ထားတဲ့ အိတ်ကို တွေ့လိုက်တဲ့ အခါမှာ အရမ်းကို ဝမ်းသာသွားတာပေါ့။ ဒါနဲ့ပဲ အစေခံ ကျွန်လေးဟာ ရွှေဒင်္ဂါးပြားတွေကို ရေတွက်ကြည့် လိုက်တယ်။
တခေါက်ပြီး တခေါက် ရေတွက်လို့ အပြီး မှာတော့ စုစုပေါင်း ရွှေဒင်္ဂါးပြား ၉၉ ပြားသာ ရှိတယ်ဆိုတာကို လက်ခံလိုက် ရတယ်။ ပြီးတော့ အစေခံ ကျွန်လေးဟာ "နောက်ထပ် ရွှေဒင်္ဂါးပြား တပြားက ဘယ်မှာများလဲ၊ ဘယ်သူကမှ ရွှေဒင်္ဂါးပြား ၉၉ ပြားကိုပဲ ချန်ထားမှာ မဟုတ်ပါဘူးလေ" လို့ တွေးနေတာပေါ့။
ဒီလိုနဲ့ အစေခံကျွန်လေးဟာ နောက်ဆုံး ရွှေဒင်္ဂါးပြား တပြားကို တွေ့လို တွေ့ငြား နေရာအနှံ့မှာ ရှာတာပေါ့၊ ဒါပေမယ့်လည်း အဲ့ဒီ ရွှေဒင်္ဂါးပြား ကိုတော့ မတွေ့ခဲ့ပါဘူး။ နောက်ဆုံးမှာ သူလည်း လက်လျှော့လိုက်ပြီး ရွှေဒင်္ဂါးပြားတွေကို ပြည့်စုံသွားအောင် စုဆောင်းနိုင်ဖို့ အလုပ်ကို အရင်ကထက် ပိုကြိုးစားပြီး ရွှေဒင်္ဂါးပြားကို ရအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲ့ဒီနေ့က စပြီး အစေခံလေးရဲ့ ဘဝဟာလည်း ပြောင်းလဲ သွားတယ်။ အလုပ်တွေကို တိုးပြီး လုပ်လာတယ်။ စိတ်တွေလည်း ဆိုးဆိုးရွားရွား တိုတတ်လာတယ်။
သူ့မိသားစု ကိုလည်း သူ့အတွက် ရွှေဒင်္ဂါးပြား အပြား တရာမြောက်ကို ရဖို့ ဘာအကူအညီမှ မဖြစ်ဘူးလို့ ဆူပူ ပြောဆိုတတ် လာတယ်။ အလုပ် လုပ်နေရင်းနဲ့ သီချင်း ဆိုတတ်တဲ့ သူ့အကျင့်ဟာလည်း ရပ်သွားတော့တယ်။
အရမ်းကို ပြောင်းလဲသွားတဲ့ အစေခံကို ကြည့်ပြီး ဘုရင်ကြီးလည်း အရမ်းကို အံ့သြသွားရတာပေါ့။ သူ့အတိုင်ပင်ခံကို ပြန်ပြီးမေးတဲ့အခါ မှာတော့ အတိုင်ပင်ခံကြီးက
"အရှင်မင်းကြီး အခုဆိုရင် ဒီအစေခံဟာ အဖွဲ့(၉၉) ရဲ့ အဖွဲ့ဝင် တယောက် ဖြစ်သွားပါပြီ။ အမှန်တကယ်တော့ အဖွဲ့ (၉၉) ဆိုတာ ပျော်ရွှင်စရာ ကောင်းတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါလျက်နဲ့တင်းတိမ်ရောင့်ရဲမှု မရှိတဲ့ သူတွေကို ပေးထားတဲ့ နာမည်ပဲ ဖြစ်ပါတယ် ဘုရား။
ဒီလူတွေဟာ "ဒီတခုလေး ထပ်ရှိပြီးရင်တော့ ငါဟာ ဘဝမှာ ပျော်ရွှင်နိုင်ပါပြီ" လို့ ပြောပြီး ကိုယ့်မှာမရှိတဲ့ နောက်ထပ် အရာတခုကို လိုချင်တက်မက်မှုနဲ့ ရှာဖွေနေတဲ့ သူတွေသာ ဖြစ်ပါတယ် ဘုရား" လို့ ဘုရင်ကြီးကို ပြန်ပြီး လျှောက်တင်လိုက် ပါတော့တယ်။
ကျွန်တော်တို့ရဲ့ ဘဝမှာ ရှိတဲ့ အရာလေးတွေနဲ့ တင်းတိမ်ရောင့်ရဲရင် ပျော်ရွှင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစုံတခုကို ပိုင်ဆိုင်လာရတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ ပိုပြီးတော့ လိုချင်တက်မက် လာတတ်ကြတယ်။
လိုအပ်မှုတွေ၊ လိုအင်ဆန္ဒနဲ့ တက်မက်မှုတွေ များလာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ အိပ်ချိန်တွေ၊ ပျော်ရွင်မှုတွေဟာ ပျောက်ဆုံးလာပြီး ကျွန်တော်တို့နဲ့ အတူ ရှိနေတဲ့သူတွေကိုပါ နာကြင်အောင် လုပ်တတ်လာ ကြတယ်။
ဒီလိုသာ ဆိုရင်တော့ ကျွန်တော်တို့ဟာ အဖွဲ့(၉၉) ရဲ့ အဖွဲ့ဝင်တယောက် ဖြစ်သွားပါပြီ။ ဒါကြောင့် တပ်မက်မှုတွေနဲ့ အဖွဲ့(၉၉) ရဲ့ အဖွဲ့ဝင်တစ်ယောက် မဖြစ်စေပဲ ရှိတဲ့ အရာလေးတွေနဲ့ တင်းတိမ်ရောင့်ရဲပြီး ပျော်ရွှင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက် ရပါတယ်။ အင်တာနက်က ဖတ်ရတဲ့ ပုံပြင်လေးကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းသာ ဖြစ်ပါတယ်။ Crd
0 Comments