အိမ်မှာ အောက်သိုးသိုးမှိုနံ့တွေ မစွဲကျန်နေစေမယ့်နည်းလမ်း (၇) ခု

အိမ်ထဲမှာ စိုထိုင်းဆတွေများတဲ့အခါ၊ လေဝင်လေထွက်မကောင်းတဲ့အခါ အောက်သိုးသိုးမှိုနံ့တွေထွက်လာပါတယ်။ ဒီလိုအနံ့အသက်ဆိုးတွေက ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အိမ်မှာ အောက်သိုးသိုးမှိုနံ့တွေ မစွဲကျန်နေစေမယ့် နည်းလမ်းလေးတွေက အရမ်းကို လွယ်ကူပါတယ်။

၁။ ကော်ဖီမှုန့်

ကော်ဖီမှုန့်ရဲ့ရနံ့က စိတ်ကိုလန်းဆန်းစေပါတယ်။ ကော်ဖီမှုန့်က အနံ့အသက်ဆိုးတွေကို စုပ်ယူနိုင်ပါတယ်။ ကော်ဖီအကြမ်းမှုန့်ကို မှိုနံ့တွေ အများဆုံးထွက်တဲ့နေရာမှာ ဖြူးထားပေးပါ။ ကော်ဖီမှုန့်က ဈေးသက်သာတဲ့အပြင် အနံ့ဆိုးတွေ ပျောက်စေဖို့ အရမ်းကို လွယ်ကူတဲ့နည်းလမ်းပါပဲ။

၂။ ဆား

အောက်သိုးသိုးမှိုနံ့ကို ဆားက တိုက်ဖျက်ပေးနိုင်ပါတယ်။ ဆားကို ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး မှိုနံ့တွေ ရှိတဲ့နေရာမှာ ချထားပေးပါ။ ဘာမှ ပွတ်တိုက်ပေးစရာမလိုဘဲ အနံ့အသက်ဆိုးတွေကို ဆားက စုပ်ယူပေးပါတယ်။

၃။ ရှာလကာရည်

ရှာလကာရည်မှာ စူးရှတဲ့အနံ့ရှိပါတယ်။ အဲဒီအနံ့ကပဲ မှိုနံ့တွေကို အချိန်တိုအတွင်း ဖယ်ရှားပေးပါတယ်။ ရှာလကာရည်အနည်းကို ဘူးတစ်ခုထဲမှာ ထည့်လိုက်ပါ။ အဲဒီနောက် မှိုနံ့တွေ အများဆုံးရှိတဲ့နေရာမှာ ထားလိုက်ပြီး အဖုံးဖွင့်ထားပေးပါ။ ရှာလကာရည်ရဲ့ရနံ့က တစ်ခန်းလုံးကို ပျံ့နှံ့သွားပြီး မှိုနံ့တွေ ပျောက်ကွယ်သွားပါတယ်။

၄။ သံပုရာသီးအခွံ

သံပုရာသီးက အိမ်မှာ အရမ်းကို အသုံးဝင်တဲ့အသီးပါ။ သံပုရာသီးက ဘက်တီးရီးဘားတွေကိုသာမက အနံ့အသက်ဆိုးတွေကိုပါ ဖယ်ရှားပေးပါတယ်။ သံပုရာသီးအခွံတွေကို ရေထဲမှာ ထည့်ပြုတ်လိုက်ပါ။

သံပုရာရနံ့မွှေးလာတဲ့အခါ ပြုတ်ထားတဲ့အိုးကို မှိုနံ့ရှိတဲ့နေရာမှာ ထားပေးပါ။ အေးသွားတဲ့အခါမှာ သံပုရာရည်တွေကို ဖျန်းဘူးထဲမှာ ပြောင်းလဲ ထည့်ပြီး အနံ့အသက်ဆိုးတွေကို ဖျန်းပေးလို့ ရပါတယ်။

၅။ မုန့်ဖုတ်ဆိုဒါ

လေဝင်လေထွက်မကောင်းဘဲ ပိတ်လှောင်နေတဲ့နေရာတွေမှာ အနံ့အသက်ဆိုးတွေ ရှိနေရင် မုန့်ဖုတ်ဆိုဒါကို အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါကို ပန်းကန်ပြားတစ်ချပ်ထဲမှာ ထည့်ပါ။ အဲဒီနောက် အနံ့အသက်ဆိုးရှိတဲ့နေရာမှာ ၂၄ နာရီကြာအောင် ထားပေးပါ။

၆။ သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ရဲ့ရနံ့ကို အချို့တွေက မနှစ်သက်ကြပါဘူး။ ဒါပေမယ့် သူ့မှာလည်း အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းတွေ ရှိပါတယ်။ သစ်ကြံပိုးမှုန့်ကို ပိတ်စနဲ့ချုပ်ထားတဲ့ အိတ်တစ်လုံးထဲကို ထည့်လိုက်ပါ။

အဲဒီအိတ်လေးကို မှိုနံ့တွေရှိတဲ့အခန်းထဲမှာ ထည့်ထားလိုက်ရုံပါပဲ။ သစ်ကြံပိုးခေါက်ကိုလည်း ကြိုးနဲ့ပတ်ပြီး ထည့်ထားလို့ရပါတယ်။

၇။ မှိုစွဲနေတဲ့အရာတွေကို ဖယ်ရှားနည်း

မှိုနံ့တွေ ထပ်မဖြစ်လာအောင်လို့ အိမ်မှာ လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရေချိုးခန်းတွေမှာ စိုထိုင်းဆများပြီး မှိုတွေ ပိုမိုပေါက်ဖွားလာပါတယ်။

- အစွန်းချွတ်ဆေးတစ်ခွက်ကို ရေ ၄ လီတာနဲ့ ရောပြီး မှိုစွဲနေတဲ့နံရံတွေကို ပွတ်တိုက်ပေးပါ။ အစွန်းချွတ်ဆေးထည့်ပြီးတဲ့အခါ အခြားသန့်ရှင်းရေးသုံးဆပ်ပြာတွေကို ထပ်မထည့်သင့်ပါဘူး။

- ဒါမှမဟုတ် အရာဝတ္တုတွေမှာ ရှိနေတတ်တဲ့မှိုတွေကို ဖယ်ရှားပေးတဲ့ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

2 Comments