ကျနော်နှင့် မိန်းမနှစ်ယောက်

ညတညရဲ့ အဖြစ်အပျက်လေး တခုပါ။ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ်။ အသင့် အိပ်ပျော်နေ ရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်း ကနေ အတွေး တချို့ ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော် တွေးနေမိတယ်။

မိန်းကလေး ဆိုတာ ဘယ်လိုပါလိမ့်။ ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘ အသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှုအောက်မှာ နေပြီး ကြီးပြင်းလာ ခဲ့တယ်။

အခုကျ တချက်ထဲ ရုတ်တရက်မှာပဲ သိတောင် မသိထားတဲ့ လူတယောက်ရဲ့ ဘေးမှာအမိန့် နာခံရင်းနဲ့ အိပ်စက်နေရ ပြန်တယ်။

ကျွန်တော့်ကြောင့် တသက်လုံး အတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ ပြန်တယ်။ ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပ လောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ်။

ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်း တချို့ မေးနေမိတယ်။ ဒါလဲပဲ ဘယ်လိုဖြစ်လို့ တချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက် နေနိုင်ကြ တာလဲ။

ဘယ်လိုဖြစ်လို့ တချို့လူတွေက နှစ်ဘဝ အတွက် ရည်စူးပြီး လာခဲ့သူကို တဘဝတောင် မကုန်သေးဘူး စိတ်ကုန် သွားကြတာလဲ။ ဘယ်လိုဖြစ်လို့ တချို့လူတွေက မိန်းမနဲ့ သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက် နေနိုင်ကြ တာလဲ။

တနေ့လုံး ယောကျာ်းလာမှ အတူတူ စားမယ် ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရ ပြန်တာလဲ။

ဘယ်လိုဖြစ်လို့ တချို့တချို့တွေက မိန်းမ အတွက်တော့ အိမ်ကိုထောင်လို လုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကတော့ အများသုံး အိမ်သာလို လာချင်တဲ့ အချိန်လာ သွားချင်တဲ့ အချိန် သွားဖြစ်နေကြတာလဲ။

ဘယ်လိုဖြစ်လို့ တချို့ တချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေ နေတာလဲ။ တချို့ တချို့က မိန်းမ မိသားစုကို အချိန် မပေးပဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ်။

မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှုဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ။ ဘယ်လိုဖြစ်လို့ ယောကျာ်းတွေ တာဝန်ခံပြီး တာဝန် မယူကြတော့ တာလဲ။ ပြေးမယ်ဆိုလဲ ပြေး ဘယ်အထိ ပြေးကြမလဲ။

ဒီလိုတွေ တွေးပြီး နောက်ဆုံး အဲ့ဒီညမှာ ကျွန်တော် တွေးလိုက်တယ်။ ကျွန်တော့မှာ အမေ ရှိတယ်။ ကျွန်တော့မှာ မိန်းမလည်း ရှိတယ်။ ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစား သင့်တယ်။ မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်းပေါ့။

ဘာကြောင့်လဲ ဆိုရင် သူတို့ နှစ်ယောက်ထဲက တယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကထဲကို ခေါ်ဆောင် လာခဲ့တယ်။ နောက်တယောက်က တလောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကို လာခဲ့တဲ့သူပါ။

အမေ ဆိုတာလည်း တချိန်က မိန်းမ ဖြစ်ခဲ့တယ်။ လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း တချိန်မှာ အမေ ဖြစ်အုံး မှာမို့ အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလည်း တန်ဖိုး ထားကြပါ။ Crd

Post a Comment

0 Comments