ဆိတ်နှစ်ကောင်ရဲ့မာန

တခါက ဆိတ်တွေကို ထိန်းကျောင်းရတဲ့ ဆိတ်ကျောင်းသားလေး တယောက် ရှိတယ်။ သူဟာ ဆိတ်ကျောင်းရင်း မြက်ရိတ်ရတယ်။ အပြန်မှာ ရိတ်လို့ ရလာတဲ့ မြက်တွေကို ရောင်းရတယ်။ သူ့မှာ သိပ်ခေါင်းမှာတဲ့ ဆိတ်နှစ်ကောင် ရှိတယ်။

ကျန်တဲ့ ဆိတ်တွေကို လွှတ်ပြီး ထားတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင် ကိုတော့ ၁၀ ပေလောက် ရှည်တဲ့ကြိုးနဲ့ ထိပ်နှစ်ဖက်မှာ ချည်ထားတယ်။ ချည်တဲ့အခါ မှာလည်း လျော့ကွင်းနဲ့ ချည်တားတာ ဖြစ်တယ်။ တကောင်က ရုန်းလို့ရှိရင် နှစ်ကောင် စလုံး လည်ပင်း အစ်တော့တာ ပါပဲ။

ဒီလို လျော့ကွင်းနဲ့ ချည်ထားတာကြောင့် သူတို့နှစ်ကောင်ဟာ ဝေးဝေးကို မသွားနိုင် ကြဘူး။ တခြားဆိတ်တွေ ကတော့ တောထဲမှာ မြက်ခင်းပေါ်မှာ အရွက်နုလေး တွေကို စိတ်ကြိုက် စားသောက်ခွင့် ရကြတယ်လေ။

ဒီလိုနဲ့ တနေ့မှာ ဆိတ်ကျောင်းသားလေးက မြက်တွေကို ရိတ်ပြီး ပြန်လာတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင် ဟာလည်း ဘာမှ မစားရ သေးဘူး။ သနားတဲ့ စိတ်ကလေး ဖြစ်ပေါ်လာတယ်။

ဒါကြောင့် မြက်ထုံး တထုံးကို ဆိတ်တကောင်ရဲ့ မနီးမဝေးမှာ ပစ်ချ လိုက်တယ်။ နောက်ထပ် မြက်ထုံး တထုံးကိုလည်း ကျန်တဲ့ ဆိတ်တကောင်ရဲ့ မနီးမဝေးမှာ ပစ်ချလိုက်တယ်။

အဲဒီလို မြက်နှစ်ထုံးကို ပစ်ချ ပြီးတဲ့နောက် မြက်ရိတ်ဖို့ ပြန်ပြီး ထွက်သွားပါတော့တယ်။ ဆိတ်တကောင်ဟာ သူ့အနီးနားကို မြက်ထုံးတထုံး ဘုတ်ကနဲ ကျလာတာ မြင်ရော အဲဒီ မြက်ထုံးဆီကို အပြေးသွား ပါတော့တယ်။

သူက သွားတော့ လျော့ကြိုးကြီးက တင်းလာတော့ တာပေါ့။ သူ့စိတ်ထဲမှာ "ငါ့ကို မစားစေချင်လို့ ဟိုကောင်က ဆောင့်ဆွဲတာ ဖြစ်မယ်" လို့ တွေးပြီး ဒေါသတွေထွက်လာတယ်။

ဒီလိုပဲ ဟိုဘက်ဆိတ် ကလည်း သူနဲ့နီးတဲ့ မြက်ထုံးဆီကို ရောက်အောင် သွားတယ်။ ဆိတ်နှစ်ကောင် စလုံးဟာ ကိုယ်နဲ့ နီးတဲ့ မြက်ထုံးဆီကို ရောက်အောင် သွားကြရင်းနဲ့ ကြိုးကြီးက တင်းသထက် တင်းလာတယ်။ လည်ပင်း ကလည်း အစ်သထက် အစ်လာတယ်။ လွန်ဆွဲနေသလို ပါပဲ။

နှစ်ကောင်စလုံးရဲ့ စိတ်ထဲမှာလည်း မာနကိုယ်စီ၊ ဒေါသကိုယ်စီနဲ့ပေါ့။ ဆိတ်တကောင်က ဆွဲလိုက်၊ တကောင်က ဆွဲလိုက်နဲ့ နှစ်ကောင် စလုံးဟာ မြက်ထုံးဆီကို မရောက်နိုင်ကြဘူး။ ဒီလိုနဲ့ မြက်လည်း မစားရဘဲ လည်ပင်း အစ်လို့ နှစ်ကောင်စလုံး သေပွဲဝင်သွား ကြပါတော့တယ်။

မြက်ရိတ်ပြီး ပြန်လာတဲ့ ဆိတ်ကျောင်းသားလေးဟာ သူ့ရဲ့ ဆိတ်နှစ်ကောင်စလုံး သေနေတာကို တွေ့လိုက်ရတယ်။ လည်ပင်းမှာလည်း လျော့ကြိုးကြီးက တင်းလို့။ မြက်ထုံးကလည်း အရာမယွင်းဘူး။

ဆိတ်ကျောင်းသားလေးဟာ ဆိတ်နှစ်ကောင်ကို အသားပေါ်ပြီး ရွာထဲကို ဆိတ်သားအဖြစ် ရောင်းစားလိုက် ပါတော့တယ်။

တကယ်တော့ ဖြစ်သင့်တာက ဆိတ်တကောင်ဟာ ကျန်ဆိတ်တကောင်နဲ့ ပူးပေါင်းပြီး မြက်ထုံး တထုံးကို နှစ်ကောင် အတူ စားသင့်တယ်။ အဲဒီ မြက်ထုံး တထုံးကို နှစ်ကောင်အတူ စားရင် ရတာပဲ။

အခုတော့ ခေါင်းမာလိုက် ကြတဲ့ ဆိတ်နှစ်ကောင်။ မြက်လည်း မစားရ၊ သေပွဲဝင် ကြရရှာတယ်။ သူတို့ဟာ ဆိတ်တွေ ဆိုတော့ အသိဉာဏ် မရှိကြဘူးလေ။

ကျနော်တို့ ပတ်ဝန်းကျင် မှာလည်း မြက်ထုံးနှစ်ထုံးနဲ့ ဆိတ်နှစ်ကောင်လို ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်နဲ့ တူတဲ့ လူတွေ အများကြီး ရှိပါတယ်။ တခါတလေ ကျနော်ကိုယ်တိုင် ဆင်ခြင်တုံးတရား မဲ့တဲ့ ဆိတ်နှစ်ကောင်လိုလူ ဖြစ်နေတတ် ပြန်တယ်။

ဒီအတွက် တယောက်က တယောက်ကို အလျော့မပေး၊ တယောက်က တယောက်ကို နားမလည်၊ မာနချင်း ပြိုင်လို့ သူနိုင် ငါနိုင် အပြိုင်လုရင်း ဂုဏ်သိက္ခာတွေ ကျခဲ့ကြရတယ်။ နောင်တတွေကို မျိုချရင်းနဲ့ အသက်တွေ ကြီးလာကြတယ်။ ကိုယ်လည်း မစားရ၊ သူစားဖို့ အတွက်လည်း မကျွေးချင်နဲ့။

ဘဝဆိုတာ သေချာ တွေးကြည့်ရင် တိုတောင်းလှတဲ့ အချိန်ခဏ လေးပါ။ အဲ့ဒီအချိန်လေးမှာ ချစ်ရတဲ့ မိသားစု၊ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ မာန်မာန၊ အမုန်းအာဂါတတွေ မထားဘဲ ဒီဆိတ်၂ ကောင် ပုံပြင်လေးကို သင်ခန်းစာ ယူနိုင်ပါစေ။ အဖေ့အိမ်စာအုပ်မှ ကူးယူဖေါ်ပြသည်။ phoomyatchal

Post a Comment

0 Comments