ကိုယ့်ကိုယ်ကိုသာ အားကိုးရာ

တခါတုန်းက တိုင်းပြည်တွေကို လိုက်ပြီး ကုန်သွယ်တဲ့ ရတနာကုန်သည်ကြီး တဦးရှိတယ်။ သူ့မှာ အရွယ်ရောက်တဲ့ သားတယောက်လည်း ရှိတယ်။ တနေ့ကြတော့ သားဖြစ်သူက ကုန်သည်ကြီးကို ပြောတယ်။ "အဖေ သား အလုပ် လုပ်တော့မယ် ထိုက်သင့်တဲ့ အမွေတချို့ ပေးပါ"

ကုန်သည်ကြီးက "ဘာအမွေ လိုချင်လဲသား"

"အဖေ့လိုမျိုး အောင်မြင်ချင်တယ်"

"အင်း မင်းလိုချင်တာကို အဖေ ပေးလိုက်မယ်။ ဒါပေမယ့် အဲ့ဒီအရာကို မပေးခင်မှာ တပါတ်တိတိ ငါနဲ့အတူတူ အလုပ် လုပ်ရမယ်"

"ဟုတ်ကဲ့" ဆိုပြီး သားဖြစ်သူက ခေါင်းငြိမ့်လိုက်တယ်။

နောက်တနေ့ ကြတော့ သားလုပ်သူကို ခေါ်ပြီး ခြံထဲ ဆင်းတယ် တံမြတ်စည်းကြမ်း နှစ်ချောင်း ယူလာပြီး သားလုပ်သူကို "ရော့ အမှိုက်တွေ ကုန်အောင်လှဲ" ဆိုပြီး ခိုင်းလိုက်တယ်။ ကုန်သည်ကြီးကတော့ သစ်ပင်အောက်မှာ ထန်းလျက်ခဲလေး စားလိုက် ရေနွေးလေး သောက်လိုက်နဲ့။

သားလုပ်သူကတော့ သူ့အဖေ ဘယ်တော့ လာကူနိုး လာကူနိုးနဲ့ လှဲရင်း လှဲရင်း ပြီးသွားတယ်။ ငါ့အဖေ လာတော့ ကူသယ်မှာပဲ ဆိုပြီး ကွက်ကြည့် ကွက်ကြည့်လုပ်နေ မိတယ်။ ကုန်သည်ကြီးက အညှောင်းအညာ ထဆန့်လိုက် ပြန်ထိုင်လိုက်နဲ့ သားလုပ်သူ အမှိုက်တွေပါ ကျူံးပြီးသွားတယ်။

နောက်တရက်ကြတော့ ဓားနှစ်လက် ယူလာတယ်။ ပြီးတော့ တောထဲ ခေါ်သွားပြီး သစ်ပင်ကြီး တပင်ကို ခုတ်ပိုင်းခိုင်းတယ်။ သားလုပ်သူက သစ်ပင်ကြီးကို ခုတ်လိုက် ဓားသွေးနေတဲ့ ကုန်သည်ကြီးကို ကြည့်လိုက်ပေါ့။

သားဖြစ်သူ ခမျာ လက်တွေနာလွန်းလို့ အရည်ကြည်ဖုတွေ ထလာပြီး ပေါက်ပြဲတဲ့အထိ ခုတ်နေရ ရှာတယ်။ ဒါပေမယ့် ကုန်သည်ကြီးက ဓားသွေး မပျက်ဘူး။

ဝုန်းဆို သစ်ပင်ကြီး လဲသွားတယ်။ ကုန်သည်ကြီး ထလာတယ်။ ပြီးတော့

"ဟိုအကိုင်းအလက်ပါ ဖြတ်လိုက်သား"

"ကျွန်တော်ပင်ပန်းနေပြီ အဖေ။ လက်တွေလည်း နာကျင်နေပြီ"

"အဲဒါဆိုလည်း မင်းလိုချင်တာ မယူနဲ့တော့ပေါ့"

သားဖြစ်သူလည်း "ခုတ်ပါ့မယ် အဖေ အဖေ့ကတိသာ တည်ပါစေ"

အားလုံးခုတ်ထွင် ရှင်းလင်းပြီးချိန် မှာတော့ သားဖြစ်သူ လက်မှာ သွေးတွေကို ရွှဲလို့။

နောက်နေ့ မနက်လင်းတော့ "အဖေ သား လက်တွေ နာကျင်လွန်းလို့ မလုပ်နိုင်တော့ဘူး"

ကုန်သည်ကြီးက "မင်းကို ဒီနေ့ ဘာမှမခိုင်းဘူး။ ဒီကနေ ကျောက်တောင်ကို ကျော်ပြီးသွားရင် ဦးမောင်လေး ဆိုတဲ့ ငါ့မိတ်ဆွေ ရှိတယ် သူ့ဆီကိုသွား ငါအပ်ထားတဲ့ အောင်မြင်ရေး လျို့ဝှက်ချက်ပေးပါ လို့ ပြောပြီး တောင်းခဲ့။ မနက်ဖြန် မင်းအလုပ် စပြီး လုပ်ရမယ်။ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရချိန်မှာ အဲဒီလျို့ဝှက်ချက် အတိုင်းလုပ်ဆောင်ပါသား"

ဒီလိုနဲ့ သားဖြစ်သူလာ ကျောက်တောင်တခုကို ကျော်ပြီး ဦးမောင်လေးဆီက အောင်မြင်ရေး လျို့ဝှက်ချက် ဆိုတာကို ယူဆောင်လာတယ်။ အိမ်ပြန်ရောက်တော့

"အဖေ ပြောတာ ဒါလား" ဆိုပြီး ရွှေနဲ့ မျက်နှာဖုံး လုပ်တဲ့ စာအုပ်ကလေး ပြလိုက်တယ်။

"အေး ဟုတ်တယ်သား မင်း လုံးဝ အခက်အခဲတွေနဲ့ တွေ့ဆုံချိန်မှာ စာအုပ်ထဲက အတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ။ ကဲ နားတော့ မနက်ဖြန် မင်းရဲ့ ကုန်သွယ်ခြင်း ခရီးစဉ် စမယ်"

မနက်လင်းတော့ "အားလုံး ခရီးထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ သွားတော့လေ မင်းဘာလုပ် နေတာလဲ"

"အဖေ မလိုက်ဘူးလား"

"ငါက ဘာလိုက်လုပ်ရ မှာလဲ။ မင်း ဒီအရွယ် ရောက်နေပြီပဲ မင်း လုပ်နိုင်သလောက် လုပ်ပါ"

အဲဒီလိုနဲ့ ကုန်သည်ကြီးရဲ့သားဟာ ကုန်သွယ်ဖို့ ထွက်သွားခဲ့တယ်။ ချောင်းတွေဖြတ် လွင်ပြင်တွေ ဖြတ်ရင်း တောကြီးတတောကို အရောက် သူ့ကို ခြင်္သေ့တကောင် ချောင်းနေမှန်း သိလိုက်တယ်။

သိသိချင်းပဲ သူဟာ ပုန်းလို့ကောင်းမယ့် နေရာကို ရှာရင်း ရုတ်တရက် ပြေးထွက်သွားတယ်။ လူတကိုယ်စာ ဝင်လို့ရတဲ့ ကျောက်တုံးတွေ ကြားမှာ ဝင်နေလိုက်တယ်။ ခြင်္သေ့ကလည်း မျက်ခြေပျက် မခံပဲ လိုက်လာတယ်။ အဲဒီလိုနဲ့ ညရောက်လာတယ်။

ခြင်္သေ့ကလည်း ဘယ်မှမသွားဘူး သူဝင်သွားတဲ့ ကျောက်တုံးရှေ့မှာ ဝပ်ပြီး စောင့်နေတယ်။ သူဟာ ရုတ်တရက် ကုန်သည်ကြီးနဲ့ အောင်မြင်ရေး လျို့ဝှက်ချက် စာအုပ်ကို သတိရသွားတယ်။ ပထမဆုံး စာမျက်နှာကို ကြည့်လိုက်တယ်။

"ကိုယ့်ရဲ့ အခက်အခဲတွေအတွက် ဘယ်သူ့ကိုမှ မမျှော်လင့်ပါနဲ့။ ကိုယ်တိုင် ပြီးဆုံးအောင် လုပ်ပါ" လို့ ရေးထားတယ်။ ကောင်လေးဟာ ခဏ ကြောင်သွားတယ်။ သူသိလိုက်ပြီ ကိုယ့်ကိုယ်ကို ကယ်တင်ရန်သာ ကြိုးစားရတော့မယ်။

အဲ့ဒါနဲ့ သူ့ရှေ့မှာ ဝပ်နေတဲ့ ခြင်္သေ့ကို ကြည့်လိုက်တယ်။ ကျောက်တုံးတွေ ကြားကပဲ ကျောက်တုံးတခုရဲ့ အောက်ခြေကို ကျောက်တုံး အပိုင်းအစတွေ ရိုက်ထည့်တယ်။ အဲဒီလို ရိုက်ရင်းထည့်ရင်းနဲ့ ကျောက်တုံးကြီးဟာ ခြင်္သေ့ရဲ့ ကိုယ်ပေါ်ကို ပိကျပြီး ခြင်္သေ့ဟာ သေဆုံးသွားတယ်။

ဒီလိုနဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတယ်။ သူ့မှာ ပါတဲ့ ရတနာတွေ ရောင်းတယ်။ သူပြန်ရောင်းလို့ ရမယ့် ရတနာတွေ ပြန်ဝယ်ပြီး သူ့တိုင်းပြည်ကို ပြန်လာခဲ့တယ်။ လမ်းတဝက်မှာပဲ ခရီးပန်းမှုကြောင့် အဖျား ဝင်လာတယ်။

သူဌေးသား ဆိုတော့ ဖျားနာမှုကြောင့် အားငယ်စိတ်တွေ ဝင်လာတယ်။ ပြုစုခံခဲ့ရတဲ့ အရာတွေကို မြင်ယောင်ပြီး မျက်ရည်တွေလို့ သူ့အဖေကို တောင်းတ နေမိတယ်။ နောက်ဆုံး မခံမရပ်နိုင် ဖြစ်ချိန်မှာတော့ သူ့အဖေ ပေးတဲ့ စာအုပ်ကို လှန်ကြည့်လိုက်တယ်။

ပထမ စာမျက်နှာမှာ အရင် သူဖတ်ဖူးတဲ့ စာကြောင်းက လွဲပြီး ဘာမှ ရှိမနေခဲ့ပါဘူး။ နောက်ဆုံး စာမျက်နှာမှာ စာတကြောင်းရေးထားတာ တွေ့လိုက်တယ်။

"ငါ့လို ဖြစ်ချင်ရင် ငါကို အားမကိုးပါနဲ့။ မင်းဟာ မင်းဘဝရဲ့ ကယ်တင်ရှင်ပါ။ စာအုပ် တအုပ်ထဲ က အောင်မြင်ခြင်း ဆိုတာ လူက ဖန်တီးတာပါ။ မင်းရဲ့ အောင်မြင်ခြင်းကို လွတ်နေတဲ့ စာရွက်တွေမှာ ရေးပါ" တဲ့။ ကောင်လေး ဖျားနေတဲ့ ကြားက ရယ်မိတယ်။ ပြီးတော့ စာအုပ်ကို လွှင့်ပစ်လိုက်တယ်။ သူနားလည်သွားပါပြီ။

သူ့အဖေ ပေးလိုက်တာ ယုံကြည်မှုနဲ့ ကိုယ့်အား ကိုယ်ကိုးမှု ဆိုတာ ကောင်လေး အသက်အောင့်လိုက် မှုတ်ထုတ်လိုက် လုပ်ရင်း အဖျားကျအောင် လုပ်တယ်။ အာဟာရ ဖြစ်စေမယ့် သစ်သီးတွေကို ရှာစားတယ်။

မီးမွှေးပြီး ရေနွေးငွေ့ လှုံ့ပြီး ချွေးထွက်တယ် သက်သာလာတာနဲ့ သူ့တိုင်းပြည်ကို အမြန် ပြန်လာတယ်။ အဲ့လိုနဲ့ သူ့အဖေဆီ ပြန်ရောက်လာတယ်။

"သား အဆင်ပြေရဲ့လား တစုံတယောက်ရဲ့ အကူအညီကို မမျှော်လင့်တတ်တော့လို့ အများကြီး အဆင်ပြေပါတယ် အဖေ"

"အေး မင်း ငါ့လို အောင်မြင်ဖို့ အတွက် လမ်းစတွေ့နေပြီပဲ" လို့ ပြောလိုက်ပါတော့တယ်။

ဘဝဆိုတာ တစုံတခုကို မျှော်လင့်ရင်း ကိုယ့်ဘာသာ ပြီးဆုံးအောင် လုပ်ရတာမျိုးပါ။ ကိုယ့်ရဲ့ ယုံကြည်မှု ဆိုတာလည်း ကိုယ့်ရဲ့ ကြုံဆုံတွေ့မှုကို အခြေခံပြီးမှ ဖြစ်တည်လာတာပါ။ သူ့လိုဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို အားကိုးပါ။ Crd

Post a Comment

0 Comments