ငတွေဝေနှင့် ယုန်ကလေး

တခါတုန်းက တောတခုမှာ အရမ်းကို မာနကြီးတဲ့ ငတွေ ဝေဆိုတဲ့ ခြသေ့်တကောင် ရှိသတဲ့။ ငတွေဝေ ဆိုတာကတော့ စဉ်းစားဉာဏ် မရှိဘူး၊ မိုက်မဲတဲ့ အကောင် လို့ ဆိုလိုတာပေါ့။ ငတွေဝေဟာ သတ္တဝါ တွေကို မြင်ရင် မသတ်မဖြတ်ဘဲ မနေနိုင်ဘူးတဲ့။ အမြဲ ဖမ်းဆီးပြီး သတ်ဖြတ်နေတာ ပဲတဲ့။

အဲ့ဒီတော့ တတောထဲ အတူတူနေတဲ့ သတ္တဝါတွေက မပျော်ကြဘူးပေါ့။ သွားလည်း တထိတ်ထိတ်၊ စားလည်း တထိတ်ထိတ်၊ အိပ်လည်း တထိတ်ထိတ်နဲ့ နေနေရတာ ဆိုတော့ စိတ်ညစ်ကြတာပေါ့။

တနေ့ကျတော့ တိရစ္ဆာန် ငယ်လေးတွေဟာ မျက်နှာသေ ကလေးတွေနဲ့ ဦးခေါင်း ငိုက်စိုက်ချပြီး တောသုံးတောင်ရဲ့ သခင် အရှင် ခြသေ့်မင်း ရှေ့တော်ကို ဝင်ပြီး ရှိခိုးတောင်းပန် ကြသတဲ့။

"အရှင်ခြသေ့်မင်း အသနား ကင်းမဲ့ပြီး အဓိပ္ပါယ် မရှိတဲ့ သတ်ဖြတ်မှုကို ရှောင်ကျဉ်တော် မူပါ။ တွေ့တိုင်း မြင်တိုင်း ဖမ်းဆီးသတ်ဖြတ် နေပါလျှင် ကျွန်တော်တို့ တိရစ္ဆာန်များ ပျက်စီး ပြုန်းတီး ပါလိမ့်မည်။ အရှင်ခြသေ့်မင်းလည်း စားစရာ မရှိလို့ အတိဒုက္ခ ရောက်ပါလိမ့်မယ်။

အကယ်၍ အရှင်ခြသေ့်မင်း သဘောတူ ပါလျှင် ကျွန်တော်မျိုးတို့က တနေ့လျှင် သားကောင် တမျိုးစီ အရှင်ခြသေ့်မင်း ပွဲတော်တည် စားသောက်ပါရန် ဆက်သပါ့မယ်" တဲ့။ အဲ့ဒီစကားကို ကြားတော့ ငတွေဝေက စဉ်းစားပြီး ပြန်ပြောသတဲ့။

"အေး မင်းတို့ လျှောက်ထားတာ အကောင်းသားပဲ။ ဒါပေမယ့် မှတ်ထားနော်။ အချိန်မီ ပွဲတော်တည်ဖို့ ရောက်မလာရင် မင်းတို့အားလုံးကို စားပစ်မှာ။ မှတ်ထားနော်"

အဲ့ဒီအခါ တိရစ္ဆာန်တွေက "ကောင်းပါပြီ အရှင်ခြသေ့်မင်း" လို့ ကတိပေးပြီး စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာသွား ကြသတဲ့။ အရင်ကလို သွားတထိတ်ထိတ် စားတထိတ်ထိတ် အိပ်တထိတ်ထိတ် မဖြစ်တော့ဘူးပေါ့။

နေ့တိုင်း နေ့တိုင်း နေမင်းကြီး မွန်းတည့်လာပြီ ဆိုရင်တိရစ္ဆာန် တမျိုးမျိုးက အလှည့်ကျတဲ့ အကောင်ကို ရွေးပြီး ငတွေဝေ စားဖို့ လွှတ်ပေးကြ ရသတဲ့။

တနေ့ကျတော့ ခြသေ့် အစားခံဖို့ အလှည့်ဟာ ယုန်လေးတကောင် အပေါ်မှာ ကျပါရောတဲ့။ ဒီတော့ တောသတ္တဝါတွေက "ကဲ ယုန်ကလေး အလှည့် ကျတယ်။ ခြသေ့်ကြီးဆီကို သွားပေတော့" လို့ ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ကြ သတဲ့။ ဒါပေမယ့် ယုန်ကလေးကတော့ အေးအေးဆေးဆေး ပါပဲ။ သူက ဉာဏ်ရှိတဲ့ သတ္တဝါပဲ။ သူကြံရင် ဘာခံနိုင်မှာလဲ လို့ သူယုံကြည်သတဲ့။

အဲ့ဒါနဲ့ လမ်းမှာ အကြံထုတ်ရင်း တဖြည်းဖြည်းနဲ့ ခုန်ဆွခုန်ဆွ သွားလိုက်တာ အတော်ကို နောက်ကြပြီးမှ ခြသေ့်ဆီကို ရောက်သွားသတဲ့။ ခြသေ့် ငတွေဝေ ကလည်း ဆာလောင် နေတော့ အင်မတန် စိတ်ဆိုးနေတာပေါ့။

"အချိန်လွန်မှ ဒီယုန် ရောက်လာတယ်။ တိရစ္ဆာန်တွေက ကတိ မတည်ဘူး။ မနက်ဖြန် ကျရင် တောသတ္တဝါ အားလုံးကို ငါ ဖမ်းစား ပစ်မယ်လို့" ကြိမ်းဝါးနေတယ်။

ထိုအခါ ယုန်ကလေးက ခပ်ကျုံ့ကျုံ့လေး သူ့ရှေ့တော်မှာ ဝင်ရောက် ခစားသတဲ့။ ခြသေ့် ဆာနေတုန်း ယုန်ကလေးက တလုပ်စာမျှ မရှိတော့ ပိုပြီး ဒေါပွတာပေါ့။ အဲ့ဒါနဲ့

"ဟယ် ငပြိတ္တာ အကောင်က ငယ်ရတဲ့အထဲ နောက်ကျ လိုက်သေးတယ်။ အဲ့အပြစ်ကြောင့် နင့်ကိုလည်း ငါသတ်မယ်။ မနက်ဖြန် ကျရင် တောသတ္တဝါ အားလုံးကိုလည်း ငါစားမယ်" လို့ ငတွေဝေက ဆူသတဲ့။

အဲ့ဒီအခါ ယုန်ကလေးက ရှိခိုးပြီးတော့ "အရှင်ခြသေ့်မင်း၊ ကျနော် နောက်ကျရတာဟာ ကျနော့် အပြစ် မဟုတ်ပါဘူး။ ကျနော့မိတ်ဆွေ တောသတ္တဝါတွေရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ ကျနော် အရှင့်ဆီကို အချိန်မီအောင် ပြေးလာတဲ့ လမ်းခရီးမှာ ခြသေ့်တကောင်နဲ့ တွေ့လို့ ရပ်နားခဲ့ရ ပါတယ်။

သူက သူပိုင်တဲ့ တောထဲက သတ္တဝါတွေဟာ သူ့ကျွန်ပဲ ဆိုပြီး ကျနော့်ကို ဖမ်းမယ် ဆီးမယ် လုပ်ပါတယ်။ ကျနော်က ငတွေဝေအမည်ရှိတဲ့ ခြသေ့်ကြီးဆီကို သွားပြီး အကြောင်းကြား ပါရစေဦး၊ နောက်မှ ပြန်ခဲ့ပါရစေ လို့ တောင်းပန်တော့မှ လွှတ်လိုက်ပါတယ်" လို့ ပြောတာပေါ့။

ပြိုင်ဘက်ရန်သူ ခြသေ့်တကောင် ရှိတယ်လို့ ကြားတော့ ငတွေဝေဟာ ပိုပြီး ဒေါသ ဖြစ်တာပေါ့။ "ကဲ ကြာကြာ မဆိုင်းနဲ့။ အဲ့ဒီ ခြသေ့်ရှိတဲ့ နေရာကို ငါ့ကို ခေါ်သွားစမ်း။ သတ္တိ ပြရသေး တာပေါ့" လို့ ငတွေဝေက ပြောသတဲ့။

ဒီတော့ ယုန်ကလေးက ရေတွင်းကြီး တခုဆီကို ခေါ်သွားပြီး "အရှင်ခြသေ့်မင်း ကျနော့်ကို ဖမ်းမယ်လုပ်တဲ့ ခြသေ့်ကြီးဟာ ဟောဒီ တွင်းထဲမှာ နေပါတယ်" လို့ ပြောတော့ ငတွေဝေက ရေတွင်းထိပ်က နေပြီး ငုံ့ကြည့်တာပေါ့။

ငတွေဝေဟာ ရေပြင်မှာ သူ့အရိပ်ကို သူမြင်တော့ တခြားခြသေ့် ထင်ပြီး ဟောက်လိုက်တာ လှိုဏ်သံပါပြီး တတောလုံး ဟိန်းသွားတာ ပဲတဲ့။ ရေတွင်းထဲက သူ့အရိပ်ကို ရန်သူခြသေ့်လို့ ထင်မှတ်ပြီး ဒေါသကြီးကြီးနဲ့ တွင်းထဲကို ခုန်ချလိုက်တာ ရေနစ်ပြီး ငတွေဝေဟာ သေပါလေရော တဲ့။

ယုန်ကလေးလည်း သီချင်းကလေး တကြော်ကြော်နဲ့ အိမ်ပြန်သွား ပါသတဲ့။ တောသတ္တဝါ တွေလည်း ချမ်းသာရာရ ကြသတဲ့။ ခွန်အားကြီးပေမယ့် အသိဉာဏ်မရှိရင် အလကားပါပဲ။ Crd

Post a Comment

0 Comments