ငုံးပညာရှိ

ဟိုးရှေးရှေးတုန်းက ရွာကလေး တရွာမှာ ငှက်မုဆိုး တယောက် ရှိသတဲ့။ သူက ငုံးငှက် တမျိုးတည်း ကိုပဲ ထောင်ချောက်ဆင်ပြီး ဖမ်းတယ်။

မုဆိုးဟာ ဖမ်းမိတဲ့ ငုံးတွေကို ချက်ချင်း မရောင်းသေးဘူး၊ အစာရေဆာ ကောင်းကောင်း ကျွေးပြီး အိမ်မှာထားတယ်။ ငုံးငှက်တွေ ဆူဖြိုး ဝဖီးလာပြီး ရောင်းပန်းဝယ်ပန်းလှ၊ ဈေးကောင်းရတဲ့ အချိန်မှ ထုတ်ရောင်းလေ့ ရှိတယ်။

တနေ့မှာတော့ မုဆိုးဟာ တောထဲကနေ ငုံးတွေ အမြောက်အများ ဖမ်းမိလာတယ်။ သူက ဖမ်းမိလာတဲ့ ငုံးတွေ အားလုံးကို လှောင်အိမ်ထဲ ထည့်ပြီး လှောင်ထားလိုက်တယ်။ သူလုပ်နေကျ အတိုင်း ရေနဲ့ တကွ ဆန်၊ စပါး၊ ပြောင်းစေ့ စတဲ့ အစာတွေကို စိတ်တိုင်းကျ နိုင်အောင် ထည့်ပေးထားတယ်။

ငုံးတွေဟာ တောထဲမှာတောင် မစားရတဲ့ အစားကောင်း အသောက်ကောင်း တွေကို စိတ်တိုင်းကျ စားရတာကြောင့် အားပါးတရ စားကြတယ်။

အစာကို ဘယ်လောက်များ ခုံမင်တပ်မက် ကြသလဲ ဆိုရင် အချိန်မရွေး ကျရောက်နိုင်ပြီး အလွန်နီးကပ် လာနေတဲ့ သေခြင်းတရား ကိုတောင် မေ့လျော့နေ ကြတယ်၊ သတိလက်လွတ် ဖြစ်နေကြတယ်။

ဒါပေမဲ့ အဲဒီ ငုံးတွေထဲက တကောင်သော ငုံးငှက် ကတော့ သတိလက်လွတ် မဖြစ်ဘူး။ မုဆိုးရဲ့ လှောင်အိမ်ထဲ ကနေ လွတ်မြောက်နိုင်မယ့် လမ်းစ ကိုပဲ စဉ်းစားတွေးတော နေတယ်။

သူက ငုံးလာဝယ်တဲ့ သူတွေဟာ အလှမွေးဖို့ လာဝယ်ကြတာ မဟုတ်ဘူး၊ အစာအာဟာရ အတွက် လာဝယ်ကြတာ ဖြစ်တယ်။

နောက်ပြီး ဆူဖြိုးတဲ့ ငှက်ကို ဈေးကောင်း ပေးဝယ်တယ် ဆိုတာကို သတိထားမိတယ်။ အစာတွေ နင်းကန် စားပြီး ဝအစ်နေတဲ့ ငုံးဟာ စောစော သေမယ် ဆိုတာလည်း တွေးမိလိုက်တယ်။

"ငါဟာ ကြုံလှီပြီး ပိန်ချုံးနေရင် ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ငါအသတ် မခံရတော့ဘူး၊ ငါ့ရဲ့ ကိုယ်ခန္ဓာ ကြုံလှီသွားအောင် ငါအစာ မစားဘဲ နေမယ်"

ပညာရှိတဲ့ ငုံးဟာ အဲဒီအချိန် ကတည်းက စပြီး မစားတော့ဘူး၊ အစာ မစားတဲ့ အတွက် တနေ့ တခြား ပိန်ချုံးလာတယ်။ သူကသူ့အကြံနဲ့သူ အစာ မစားတာကို အကြောင်းမသိတဲ့ ငုံးတွေက ကဲ့ရဲ့စကား ပြောကြတယ်။

သတ္တဝါ ဖြစ်လာမှတော့ ဒီနေ့မသေ၊ ဟိုနေ့ သေမှာပဲ ဟိုနေ့ မသေလည်း နောက်နေ့ သေရမှာပဲ။ ဒါကို တွေးကြောက်နေလို့ ဘာအကျိုးရှိ မှာလဲ၊ အသက်ရှင် နေထိုင်ခွင့် ရခိုက်မှာ ပျော်ပျော်နေရမယ်၊ ကောင်းကောင်း စားရမယ်၊ စိတ်ဆင်းရဲပြီး ပိန်ချုံးနေတဲ့အထိတော့ အဖြစ်မခံနိုင်ဘူး စတဲ့ စကားတွေ စောင်းမြောင်း ပြောကြတယ်။

ဘယ်လိုပဲ ပြောကြပြောကြ သူကတော့ ဘာမှ ပြန်မပြောဘူး။ သူ့ဆုံးဖြတ်ချက် အတိုင်း အစာမစားဘဲ နေမြဲနေတယ်။ "ဘယ်သူမှန်လို့ ဘယ်သူမှားတယ် ဆိုတာ တနေ့ အဖြေပေါ် လာလိမ့်မယ်" လို့ပဲ စိတ်ထဲက ကြုံးဝါးနေတယ်။

သိပ်မကြာလိုက်ဘူး၊ သူကြိုတင် တွေးဆထားတဲ့ အတိုင်းပဲ၊ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတယ်။ မုဆိုးကျွေးတဲ့ အစားအသောက် ကောင်းတွေကို စိတ်ကြိုက်စားပြီး ဝဖြိုးလာတဲ့ ငုံးတွေဟာ တကောင်ပြီး တကောင်ဆိုသလို ဝယ်သူတွေ လက်ထဲ ပါသွားကြတယ်။

ကြုံလှီနေတဲ့ သူ့ကိုတော့ ဘယ်သူကမှ မဝယ်ဘူး၊ ယောင်လို့တောင် လက်ညိုး ထိုးပပြကြဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ သူတကောင်က လွဲပြီး လှောင်အိမ်ထဲက ငုံးတွေ အကုန်လုံး ဝယ်ယူသူတွေနောက် ပါသွားကြတယ်။ လှောင်အိမ်ထဲမှာ ပိန်ချုံးနေတဲ့ သူတကောင်တည်း ကျန်ခဲ့တယ်။

"ဒီကောင် တအား ပိန်ချုံးနေပါလား၊ အစာလည်း တရက်မှ စားတာ မတွေ့ဘူး၊ နေများ မကောင်းလို့လား" လို့ ပြောပြီး မုဆိုးဟာ လှောင်အိမ်တံခါးကို ဖွင့်ပြီး သူ့ကို ထုတ်ယူတယ်။ လက်ဝါး တဖက်ပေါ် တင်ပြီး သေသေချာချာ ကြည့်တယ်။

အဲဒီအချိန်မှာပဲ "ဖလူး" ရုတ်တရက် ငုံးငှက်ဟာ လျင်မြန်တဲ့ အဟုန်နဲ့ ပျံသန်းသွားတယ်။ မုဆိုးဟာ အံ့အားသင့်ပြီး ကျန်နေတယ်။ တော်တော်ကြာမှ ငုံးငှက်ရဲ့ ပရိယာယ်ကို သဘောပေါက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက် သတဲ့ကွယ်။ ပညာရှိသူဟာဉာဏ်နဲ့ ဘေးအန္တရာယ်က လွတ်အောင် ကြံဆောင်လေ့ ရှိတယ်။ phoomyatchal

Post a Comment

0 Comments