ကိုယ်တိုင်ချည်သောကြိုး

တခါတုန်းက ရွာတရွာရဲ့ အစွန်အဖျားမှာ နေတဲ့ ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူဟာ တောထဲက ထင်းခြောက်တွေကို ကောက်ပြီး ခပ်လှမ်းလှမ်းက ဈေးတခုမှာ ရောင်းချခြင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။

သူ့မှာ တော်တော် အသုံးဝင်တဲ့ ထင်းသယ် မြည်းကလေး တကောင်လည်း ရှိတယ်။ ထင်းကောက်သမားဟာ သူကောက်လို့ ရသမျှ ထင်းခြောက်တွေကို အဲဒီမြည်းကလေးပေါ် တင်ပြီး ဈေးမှာ သွားရောင်းချလေ့ ရှိတယ်။

တနေ့ကျ ထင်းခြောက် များများရဖို့ တောနက်ထဲအထိ သွားကောက်ရာ ကနေ လမ်းပျောက် ပါတော့တယ်။ မြည်းကလေးနဲ့အတူ လမ်းပျောက် ရှာရင်းနဲ့ ညနေသာ စောင်းလာတယ် လမ်းက မတွေ့ဘူး။

နောက်ဆုံး ရသေ့ကြီးတပါး သီတင်းသုံးတဲ့ တဲလေးတလုံးကို တွေ့တော့ ညအိပ်ခွင့် တောင်းပြီး တဲနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ နေရာ ချတယ်။ အိပ်ဖို့ ပြင်နေရင်းနဲ့မှ သူ့မြည်းကလေးကို ချည်ဖို့ ကြိုး ပါမလာခဲ့ဘူး ဆိုတာ သတိရတာ့တယ်။

အဲဒါနဲ့ ရသေ့ကြီးဆီ ကြိုးရှိပါက တညတာ ငှားရန် လျှောက်ထားတဲ့ အခါ ရသေ့ကြီးက "ရသေ့ကြီးဆီမှာ ကြိုးဆိုတာ မရှိသလို ဘယ်အရာကို မဆို ကြိုးနဲ့ ချည်တတ်တဲ့ အကျင့် မရှိပါဘူး ဒကာကြီး။ ဒကာကြီး ကြည့်ရတာ ခါတိုင်းလည်း ဒီမြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ပြီး အိပ်တယ်နဲ့ တူတယ်"

"အမှန်ပါပဲ ရသေ့ကြီး" လို့ ထင်းကောက်သမားက ရိုသေစွာ ပြန်ဖြေတယ်။

"ဒါဆိုလည်း ခါတိုင်းလိုပဲ သစ်ပင်မှာ ကြိုးချည်တဲ့ဟန်ပြပြီး အိပ်လိုက်ပေါ့။ ရသေ့ကြီးတော့ ဒီမြည်းကလေး လျှောက်သွားလိမ့်မယ်လို့ မမြင်မိဘူး"

ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း မြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ဟန် ပြုပြီး အိပ်ယာဝင် ခဲ့တယ်။ ရသေ့ကြီးဟာ သူ့တန်ခိုးနဲ့ မြည်းကလေး မပြေးနိုင်အောင် လုပ်ပေးထားတယ် လို့ တွေးထင်ပြီး ထင်းကောက်သမား လေးဟာစိတ်ချလက်ချ အိပ်ပျော်သွား တော့တယ်။

မနက်နိုးလာလို့ ကြည့်လိုက်တော့ သူ့မြည်းကလေးကို ညက သူထားခဲ့တဲ့ အတိုင်း သစ်ပင်အောက်မှာ တွေ့ရတယ်။ ထင်းကောက်သမားဟာ ရသေ့ကြီးကို နှုတ်ဆက်ကာ လမ်းရှာပြီး ခရီးဆက်မယ် ပြင်တဲ့အခါ မြည်းကလေးဟာ ညက ထားခဲ့တဲ့ နေရာကနေ မရွေ့တော့ဘူး။

ထင်းကောက်သမား ဘယ်လို ကြိုးစား ခေါ်ခေါ် မရဘူး။ အဲဒါနဲ့ ထင်းကောက်သမားဟာ ရသေ့ကြီးဆီ ပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် လျှောက်တင်တဲ့ အခါ ရသေ့ကြီးက အကြောင်းစုံကို သိတဲ့ ပုံစံနဲ့ ပြုံးတယ်။

ပြီးတော့ "ဒကာကြီး သစ်ပင်က ကြိုးကို မဖြည်ဘူးလား။ မဖြည်ဘဲနဲ့တော့ ဘယ်သွားလို့ ရပါ့မလဲ ဒကာကြီးရယ်" လို့ ပြောတယ်။ ထင်းကောက်သမားက "တပည့်တော်က ကြိုးနဲ့ တကယ် မချည်ထားပါဘူး" လို့ ပြန်ဖြေတယ်။

"အော် ဖြစ်ရလေ ဒကာကြီးရယ်။ မြည်းကလေးက သူ့ကို ကြိုးနဲ့ တကယ် ချည်ထားတယ် လို့ပဲ ထင်နေတာ။ ညက အတိုင်းပဲ သစ်ပင်က ကြိုးကို ဖြည်တဲ့ပုံ လုပ်ပြီး ပြန်ခေါ်လိုက်ရင် လိုက်လာမှာပါ"

ထိုအခါ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့ အတိုင်း ကြိုးဖြည်ဟန် ပြုလုပ်လိုက်ရာ မြည်းကလေးမှာ ရွေ့လျားလာပြီး သူဆွဲတဲ့ နောက်ကို လိုက်ပါကာ အတူ ခရီးဆက်ခဲ့ ကြပါတော့တယ်။

တကယ်တော့ ကျွန်ုပ်တို့ကို ဘယ်သူကမှ ဘယ်ကြိုးတွေနဲ့မှ မချည်ထားပါဘူး။ ကျွန်ုပ်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် ချည်ထားတဲ့ ကြိုးမဟုတ်တဲ့ ကြိုးတွေပဲ ရှိပါတယ်။ ဒီကြိုးတွေကို ဘယ်သူမှ ဖြည်ပေးလို့ မရနိုင်ပါဘူး။ ကျွန်ုပ်တို့ကိုယ်တိုင် ဖြည်မှပဲ ရပါလိမ့်မယ်။ phoomyatchal

Post a Comment

0 Comments